နာမည်ကျော် မိုဘိုင်းဖုန်း ထုတ်လုပ်သူ Nokia ကုမ္ပဏီသည် ယခင်က ရယူခဲ့သော ကမ္ဘာ့အကြီးဆုံး smartphone ထုတ်လုပ်သူ ဟူသည့် ၎င်း၏ သရဖူကို ကွန်ပျူတာ ထုတ်ထုပ်သူ Apple ကုမ္ပဏီအား လွှဲပေးလိုက်ရပြီ ဖြစ်ကြောင်း သိရသည်။
ဖင်လန်နိုင်ငံ ခြေစိုက် မိုဘိုင်းဖုန်း ကုမ္ပဏီကြီး Nokia သည် ယူရို ၂၂၇ သန်း အမြတ်ငွေ ရရှိခဲ့သည့် ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက ယခုနှစ်၏ ဒုတိယ ၃ လပါတ်အတွင်း ယူရို ၃၆၅သန်း ဆုံးရှုံးခဲ့ကြောင်း ကြေငြာခဲ့သည်။ ကုမ္ပဏီ၏ နှစ်စဉ်ဝင်ငွေသည် ၇ ရာခိုင်နှုန်း လျော့ကျသွားပြီး ယူရို ၉.၃ ဘီလီယံ သို့ရောက်ရှိသွားသည်။


Nokia ၏ smartphone များ တင်ပို့ရောင်းချမှုသည်လည်း ၃၄ ရာခိုင်နှုန်းသို့ လျောကျသွားကာ အလုံးရေ ၁၆.၇ သန်းသာ ရောင်းချနိုင်ခဲ့ရာ Nokia အနေဖြင့် smartphone ဈေးကွက်တွင် အကြီးဆုံး ဦးဆောင်သူ မဟုတ်တော့ကြောင်း သိရသည်။
မကြာသေးမီက အမေရိကန် အခြေစိုက် ကွန်ပျူတာ နည်းပညာ ကုမ္ပဏီ Apple က တူညီသော ၃ လပါတ်ကာလ အတွင်းမှာပင် ၎င်း၏ smartphone ထုတ်ကုန်ဖြစ်သော iPhone အလုံးရေ သန်း ၂၀ ကျော်ရောင်းရကြောင်း ကြေငြာခဲ့ရာ Nokia ၏ ကမ္ဘာ့အကြီးဆုံး smartphone ထုတ်လုပ်သူ ဟူသော သရဖူကို Apple လွှဲပြောင်းယူလိုက်ပြီ ဖြစ်သည်။

ကျွမ်းကျင်ပညာရှင် အချို့က တောင်ကိုရီးယား အခြေစိုက် မိုဘိုင်းဖုန်း ထုတ်လုပ်သူ Samsung အနေဖြင့် ၎င်း၏ ဒုတိယ ၃လပါတ် ရောင်းအားကို ထုတ်ပြန်ကြေုငာပါက Nokia ၏ ရောင်းအားထက် သာလွန်ဖွယ်ရှိသည်ဟုလည်း ခန့်မှန်းကြသည်။

PatheinCity News | Source: dailymail.co.uk