အသက်ထွက်သွားသော စောင့်ထိန်းခြင်း
ညသည် တိတ်ဆိတ်စွာ ငြိမ်သက်စ ပြုနေပြီ ဖြစ်သည်။ လမ်းမပေါ်တွင်လည်း လူ အသွားအလာ ကျဲပါးနေပြီ ဖြစ်သည်။ ညသည် လှကောင်း လှပေမည်။ သို့သော် ထို လှပသောညကို ခံစားဖို့ နေနေသာသာ ပင်ပန်းနွမ်းနေသော ခန္ဓာကိုယ်ကို မလျှက်က အိမ်ရောက်ဖို့ တအားလျှောက်ယူ နေရသည်။ ရာသီက ပူရသည့်အထဲ အလုပ် ကလည်း ဒီကနေ့ ပိုပင်ပန်းသဖြင့် သူ အားအင်တွေ ကုန်ခမ်းနေပြီ ဖြစ်သည်။ သူ စီးလာသော ဘတ်စ်ကားကလည်း သူ့ လက်ကျန် အင်အားများကို ယူထားလိုက်ပြီ ဖြစ်သည်။ လူလည်း ဖွတ်သထက် ညစ်နေပြီ။
တစ်လတစ်လ ရသည့်ငွေနှင့် ဘယ်လိုမှ မကာမိ။ အလုပ်တွင် ရံဖန်ရံခါ အောက်ဆိုက်လေးမှ မရရင် အိမ်က မိန်းမက ခိုသံပေးကာ မတရား ငြီးမည်။ ဒီ ဗိုက်ပြဿနာ ပါးစပ်ပြဿနာကြောင့် ခက်လှသည်။ သို့သော် မဝတ်ဘဲ နေလို့ရသည်။ မစားဘဲ နေလို့ရသည် မဟုတ်။ သားသမီးတွေရဲ့ ပူဆာမှုကိုလည်း ဟိုနေ့ဝယ်ပေးမည် သည် နေ့ ဝယ်ပေးမည်ဟု နေ့ရွှေ ညရွှေ့ လုပ်လာခဲ့သည်မှာ ဘယ်နှစ်ကြိမ်မှန်းမသိ။ သူတို့သားသမီးများ ကံဆိုးဘိချင်းဟု တွေးမိသည်။ သို့သော် သူ့အစွမ်းက ကုန်ပြီဖြစ်သည်။ သိန်းထီများကလည်း မပေါက်နိုင်။
သူ သိပ်ပင်ပန်းလာသော ရက်မျိုး စိတ်ကလည်း အထိမခံအောင် တိုနေချိန်မျိုးဆိုက ထိုသို့ကလေးများ ပူဆာသောအခါ အော်ငေါက်ပစ် လိုက်မိမည်ဖြစ်သည်။ သူလည်း အဖေထဲက အဖေ ပင်ဖြစ်၍ သားသမီးအလိုကိုတော့ လိုက်ချင်ပါသည်။ ကလေးနှစ်ယောက် နှင့် သူ့မိသားစု အတွက် သူ တစ်ယောက် တည်း ရုန်းရသည်မှာ လွယ် လှသည်မဟုတ်။ မိန်းမလုပ်သူက အသုတ်ဆိုင်ကလေး ဖွင့်ပြီး သူ့ကိုကူညီလို့သာ သူ အသက်ရှု အ နည်းငယ် ချောင်နေခြင်းဖြစ်သည်။ အငယ်ကောင်လေးက နောက် နှစ်ဆို ကျောင်းထားရ တော့မည်။ အကြီးကောင်က သုံးတန်း။ ကျောင်းစရိတ် ကျူရှင်စရိတ် တွေးပူရရင် ထမင်းပင် စားနိုင်တော့မည် မဟုတ်ပေ။
အိမ်ပြန် ရောက်ရောက်ချင်း ခြေပစ်လက်ပစ်လှဲ ပစ်ချင်စိတ်သာ လွှမ်းမိုးနေလေသည်။ ခြေသလုံးကြွက်သားများ ကလည်း ညောင်းချိနေသလို ဇက်ကြောကလည်း နောက်မှ ဆွဲထားသလို တင်းနေပုံကြောင့် မအီမသာကြီး ဖြစ်နေလေသည်။ တစ်ကိုယ်လုံးလည်း ချွေးများနှင့် စီးထန်းနေလေ၏။ သူ့ရှေ့မှ ကားတစ်စီး ဝူးကနဲ မောင်းထွက် သွားသည်။ အိမ်ပြန်ချင်စိတ် အားကြီးနေသော သူ…. ရုတ်ရက်မို့ လန့်သွားသည်။ တစ်ပြိုင်နက် ဒေါသကလည်း မဆီမဆိုင် ထွက်သွားသည်။ ပါးစပ်မှလည်း ပက်ကနဲ့ ဆဲမိသွားသည်။
ကားရပ်ထားခဲ့သော နေရာသို့ရောက်တော့ လမ်းမပေါ်တွင် မည်းမည်း အရာဝတ္တုတစ်ခုကို သူ တွေ့လိုက်ရ သည်။ ဘာများဖြစ်မည်နည်း။ အလင်းရောင်ကလည်း အားနည်းသည်။ သူ အိမ်ကို အနည်းငယ် မေ့သွားသည်။ လေးထောင့် ရှည်မျောမျော အရာတစ်ခု။ ထိုအရာဝတ္တုနားသို့ ရောက်သောအခါ သူ ရပ်တန့်လိုက်ပြီး ဆတ်ကနဲ ကောက်ကြည့်လိုက်သည်။
အပြည့်အစုံ ဆက်ဖတ်ရန်»