• အဝေးပျံငှက် အပိုင်း (၄)

    အဝေးပျံငှက် အပိုင်း (၄)

    ဖြူ့ရင်သည် တဒိတ်ဒိတ် ခုန်နေသည်။ လက်ဖျားသည် ချွေးစေးတို့ဖြင့် စေးထန်းလျှက်၊ ခြေလှမ်း ကို တတ်နိုင်သမျှ သွက်ရင်း မောဟိုက်လာသလိုပင်၊ ပတ်ဝန်းကျင်သည် အမှောင်ထုကို ကြောက်လန့်ဖွယ် ရာ ၀ါးမြိုထားသည်။ ဖြူသည် အမှောင်ရိပ်ကို တစ်ချက်စိုက်ကြည့်ရင်း နောက်ကိုလည်ပြန် လှည့်ကြည့်မိ ပြန်သည်။

    ဘုရားသိကြားမလို့ ဖေဖေတို့ မသိကြပါစေနဲ့ဦး။ သည်အချိန်မှာ  ဖြူ့ကိုတွေ့သွားလျှင် ဖေဖေ့ ဒေါသက မတွေးဝံ့စရာ၊ ဖြူ အပြီးထွက်လာတာ မဟုတ်ပါဘူး ဖေဖေ၊ တစ်နှစ်လောက် ပွဲကပြီးရင် ဖြူ အိမ် ပြန်လာမှာပါ။ ပြီးရင်ဖေဖေ့ စိတ်ကြိုက် ဘွဲ့နှစ်ခု ယူပေးမယ်လေ၊ ဖြူ ကျောင်းဆရာမလေး ဒါမှမဟုတ် သူနာ ပြုဆရာမလေး လုပ်မှာပေါ့။

    မေမေလည်း သိပ်ငိုမနေနဲ့ဦး ဖြူပြန်လာတဲ့အခါကျ မင်းသမီးလေး မြနှင်းဖြူရဲ့ အောင်မြင်မှုတွေကို မေမေ့ ကို တဖွဲ့တနွဲ့ပြောပြနေမှာ။ အဲဒီအခါကျ မေမေပြုံးနေရမှာပါ နော့ ….. သမီးငယ်ငယ်က သီချင်းဆိုပြီး က ပြရင် မေမေပြုံးတဲ့ အပြုံးမျိုးနဲ့ပေါ့။

    မမကြီးကကော ဖြူ့ကို လွမ်းနေမှာလား၊ တဖျစ်တောက်တောက် ပြောနေဦးမည် ထင်တာပဲ။ မောင် ငယ်ကတော့ သူ့မမလေးကို မေးနေတော့မှာပဲ။ ကြာတော့လည်း ရိုးသွားမှာပါ၊ သိပ်လည်းမကြာပါဘူး။ မမလေး ပြန်လာမှာပါ၊ မောင်ငယ့်ကိုသီချင်းဆိုသိပ်ဦးမှာ။

    ခပ်လှမ်းလှမ်းတွင် ထွက်ခွာဟန်ပြင်နေသော ကားကိုမြင်ခိုက်  ဖြူ အားတက်သွားသည်။ ခြေလှမ်းကို ဖြူ သွက်လိုက်သည်။ ကားနှင့် မှီလုမှီခင်မှာပင် ကားကစက်နှိုးကာ ထွက်ခွာစ ပြုနေသည်။ ဖြူ့ရင်သည် ဒိန်းကနဲ ဖြစ်သွားသည်။ မောဟိုက်နေသည့် ကြားမှပင် အားစိုက်ကာ ဟစ်အော်ရပြန်သည်။

    “ခဏနေကြပါဦး”

    ကားပေါ်က လူတွေ၏ အကြည့်သည် ဖြူ့ထံ စုပြုံရောက်လာသည်။ သေတ္တာတစ်လုံးပေါ် ခြေပစ် လက်ပစ် ထိုင်နေသည့် မိုးခိုင်က ထွက်ခွာစ ကားပေါ်မှ ခုန်ဆင်းကာ ဖြူ့ဆီ ပြေးလာသည်။

    ဖြူ ကားပေါ်ရောက်တော့ ကားသည် အရှိန်ဖြင့် မောင်းနှင်လေသည်။ ပုလဲငွေသည် အံ့အားတသင့် အမူအရာဖြင့် ဖြူ့ကိုကြည့်နေသည်။

    “ညည်း ဘယ်လိုဖြစ်လာတာလဲ”

    ဖြူသည်အသက်ကို မနည်းဝအောင် ရှုနေရသည့် ကြားထဲမှ ခပ်သွက်သွက် ဖြေရပြန်သည်။

    “ဖြူ ကချင်လို့”

    “အလို ဘုရားရေ .. ကိုယ့်ဇာတ်မှာ”

    မင်းသားသည် စိတ်ပျက်လက်ပျက်ဖြစ်သွားသည်။ “အိမ်ကခိုးထွက်လာတယ်ပေါ့လေ” ဟုလည်း ခပ်ညည်းညည်း ပြောသည်။

    ဖြူနှင့်မိုးခိုင်သည် အပြစ်ရှိနေသူတွေပမာ မျက်နှာသေနှင့် ရှိကြသည်။

    “ညည်းအသက် ဘယ်နှစ်နှစ်လဲ”

    “၁၆ နှစ်”

    မင်းသားသည် အင်းကနဲ သံရှည်ဆွဲကာ ငြိမ်သက်သွားသည်။ အတန်ကြာမှကားထဲက လူတွေ ဘက် လှည့်ပြောသည်။

    “ကဲ ကြားကြတဲ့ အတိုင်းပဲ။ မြသဲကြည်က သူ့ကို သဘင်အထာ နည်းနည်းပါးပါး သင်ပေးလိုက် သူကောင်း ကောင်း ကတတ်တယ်။ ဒီကောင်မလေးနဲ့ပက်သက်လို့ ပြဿနာ တစ်စုံတစ်ရာပေါ်ခဲ့ရင် မိုးခိုင် မင်းက တာဝန်ယူ”

    ပုလဲငွေသည် ခပ်မြန်မြန်ပင် ပြဿနာကို ဖြေရှင်းလိုက်ကာ စိတ်ရှုပ်ထွေးသလိုနှင့် တစ်ဘက်ကို လှည့်သွားသည်။

    ဖြူသည် အရုဏ်မတက်မီ မှောင်မှောင်မည်းမည်း၌ အရှိန်ဖြင့် ပြေးလွှားနေသော ဇာတ်အဖွဲ့ကား ကြီးပေါ်တွင် အ၀တ်အစားထုပ်ကို ကျစ်ကျစ်ပါအောင်ဆုပ်လျှက် သူစိမ်းတရံတို့အလယ်၌ ကြောက်ရွံ့ အားငယ်စိတ်ကို ဖျောက်ကာဖြင့် လိုက်ပါသွားလေသည်။

    **************

    (၉)

    အိပ်မက်ဟူသည် အိပ်မက်မက်နေစဉ်၌သာ လှပ၍ လက်တွေ့တွင်ကား မသာယာလှချေ။ ဖြူသည် မေမေ့ရင်ခွင်တွင်းမှနေ၍ ဘ၀အကြောင်းကို ကြီးကြီးကျယ်ကျယ် ရေရွတ်ဖူးသည်။ ယုံကြည်ချက်တွေ၊ အနုပညာတွေနဲ့ ခေါင်းမာခဲ့သောမေမေ့သမီးသည် အခုအချိန်မှာတော့ “ဘ၀ကရင့်ရော်တယ်။ အပြုံး တွေက အလည်မလာဘူး” ဟူသော ခေတ်ပေါ်ကဗျာတပိုင်းတစကို ရေရွတ်နေတတ်ခဲ့ပြီ။

    ဖြူသည် ထမင်းတစ်လုပ်၏ ခါးသီးမှုကို မျက်ဝါးထင်ထင်တွေ့ကြုံရပြီးနောက် မေမေ့ကိုပိုလို့ တမ်းတလာသည်။ မိဘရင်ခွင်၌ အေးအေးချမ်းချမ်းနေလာခဲ့ရသော ဖြူသည် လောက၏မာယာတွေကို အပြုံး မပျက်ရင်ဆိုင်ရန် မရင့်ကျက်သေးချေ။

    အင်မတန်ကချင်လှသောဖြူသည် ပုလဲငွေရောင်ဇာတ်၌ ထူးထူးထွေထွေ မကရပေ။ မင်းသားက သဘင်ပညာ သင်ပေးခိုင်းသော်လည်း မြသဲကြည်သည် မသိကျိုးကျွံ ပြုနေတတ်သည်။ ယိမ်းသမများ နှင့် ၀င်ရောက် ရောနှောရန်မှာလည်း ဖြူသည်ရွံ့သလိုဖြစ်နေသည်။ ပွဲနှစ်ခွင်သာ ပြီးသွားသည် ဖြူဘာမှ ဟုတ်တိပတ်တိ မပါဝင်ခဲ့ရ။ မင်းသားကလည်း ဖြူ့အတွက် ဘာမှ မစီစဉ်ပေးချေ။

    ငယ်နုပျိုမြစ်သောအသွင်ဖြင့် မိုးခိုင်သည် စတိတ်ရှိုးအစီအစဉ်၌ စန်းပွင့်လို့နေခဲ့သည်။ မင်းသားက ဖြူ့ကို သီချင်းဆိုဖို့ပြောသည်။ ဖြူ့၌ အကြီးကျယ်ဆုံးချို့ယွင်းချက်မှာ သီချင်း မဆိုတတ်ပေ။ ဖြူ့သီချင်း သံသည် တီးလုံးထက် မြန်သည့်အခါမြန်နေပြီး နှေးသည့်အခါတွင်လည်း နှေးနေပြန်သည်။ ကြိမ်ဖန်များ စွာ တိုက်ကြည့်ပြီးနောက် မင်းသားသည် ဖြူ့ကိုသီချင်းဆိုခိုင်းဖို့ အစီအစဉ်ကို လက်လျော့သွားသည်။

    ဖြူသည် ပြဇာတ် အစီအစဉ်၌သာ အရံမင်းသမီးလုပ်ရသည်။ သင်္ကြန်အက၌ ကရသည်၊ ဒီထက်ပို၍ ဘာမှမလုပ်တတ်။ မင်းသားဇာတ်ဖြစ်သော ပုလဲငွေရောင်တွင် မြသဲကြည်သည် သူရရှိသော နေရာကို နှစ် ယောက်ခွဲပေးလိုဟန် မတူ။ မြသဲကြည်၏ ကျွမ်းကျင်စွာ တိမ်းရှောင်မှုဖြင့် ဖြူသည် သဘင်အထာ၊ သဘင် ပညာကို ဘာတစ်ခုမှ မသိချေ။ ဖြူသည်ကကွက်များကို အဆန်းတကြယ်သာ ကတတ်သော သူငယ်မလေး ပင်ဖြစ်သည်။

    ဖြူသည် ဇာတ်စင်ပေါ်၌နေ၍ ကိုကိုရေ၊မောင်မောင်ရေ မခေါ်တတ်။ ကာလသားတွေ တရုံးရုံး ဖြစ်အောင် မချော့မြူတတ်။ ဆိုင်းအထာ အပင့်အချိတ်ကိုလည်း နားမလည်ချေ။ မြသဲကြည် ကနေ လျှင် တစ်ခဏသာငေးမောမိပြီး မျက်စိရှက်သဖြင့် မျက်နှာ လွှဲခဲ့ရသည်ချည်း ဖြစ်သည်။ ဖြူ ကျောင်းကပွဲမှာ ကခဲ့ရတာ ဒီလိုမဟုတ်ပါဘူး။

    ဖြူသည် သူ့ရှေ့မှောက်ရှိ ဇာတ်သဘင်ကို ၀မ်းနည်းသလို ဖြစ်လာသည်။ စတိတ်ရှိုး၌ တွန်လိမ် ကောက်ကွေးနေသော  ဇာတ်သမားတို့ကို ကြည့်ကာ ဖြူအံ့အားတသင့်။ ဖြူဟာ ဘာအဖွဲ့နဲ့လိုက်ပါမိပါ လိမ့်၊ ဖြူသည် သူ့ကိုသူပင် ဝေခွဲမရတော့ပေ။ ပရိတ်သတ်၏ လက်ခုပ်သံ တဝေါဝေါကိုလည်း ဖြူ ကြောက်လှသည်။ မကြားဝံ့စရာ အော်ဟစ်သံများကိုလည်း ဖြူ နားမထောင်ရဲချေ ။ ဖြူသည် ဇာတ်နှင့် လိုက်လာလျှက် ပီဘိကျောင်းသူကလေးသာ ဖြစ်လို့နေသည်။ ဖြူနှင့် ပတ်ဝန်းကျင်အသစ်သည် နေ သားမကျချေ။

    ************************

    ပန်းသွေးရောင်ရင့်ရင့် ဇာခန်းဆီးသည် တီးတိုးသံဖြင့် လှုပ်ခတ်လို့နေသည်။ ဖြူသည် မင်းသား အခန်းရှေ့မှ ခပ်သုတ်သုတ် လျှောက်လျှက် ငိုချင်သလို ဖြစ်လာသည်။ မင်းသားနှင့် မြသဲကြည်သည် ဘာတွေ ပါလိမ့်။ မင်းသား၏ ဇနီးနှင့်သားသည် မြို့မှာ ကျန်ခဲ့၍ထားခဲ့ဦး။ မြသဲကြည်၏ ယောက်ျားသည် ဇာတ်စင် ထောင့်ဝယ် ဆိုင်းတီးနေဆဲရှိသည်။

    ဖြူသည် အစောပိုင်းက မြသဲကြည်၏ လှပမှုကို ငေးမောမိခြင်းအား စက်ဆုပ်သလို ဖြစ်သွားသည်။ အညှီကို မုန်းတီးသော ဖြူသည် ပုလဲငွေရောင်၌ တစ်စက္ကန့်မှ မနေလိုတော့ချေ။ ဤနေရာ၌ ဖြူနှင့် သက်ဆိုင်သော အခါကာလသည် လုံးလုံးမရှိပြီတည်း။

    ဖြူသည် သူ့ကို ခ်ါဆောင်လာသူ မိုးခိုင်ကို ဒရောသောပါး လိုက်ရှာသည်။ မိုးခိုင်သည် စင်ပေါ်ဝယ် ဟဲဗီးရော့ခ် သီချင်းတစ်ပုဒ်ကို သည်းသည်းလှိုက် ဟစ်ကြွေးဆဲပင်ရှိသည်။ သုံးလပြည့်လျှင် အိမ်ပြန်နှပ်မည် ပြောသော မိုးခိုင်သည် သူ့စကားကိုသူ မေ့လျှက်ရှိသည်။

    မိုးခိုင်ကား သူ့ကိုအားပေးသော ပရိသတ်တွင်နစ်မြော၍ နေပြီတကား။ ဖြူသည် အားငယ်သလို ဖြစ်လာသည်။ ဖြူအိမ်ပြန်ချင်ပြီ၊ ဖြူ့ကို ဘယ်သူက ပြန်ပို့မှာပါလိမ့်။ ညကြေးသတ်သတ် မှတ်မှတ် မရှိလှသော ဖြူလက်ထဲတွင် ငွေသည် များများစားစား မရှိလှပေ။

    *********************

    မိုးခိုင်ကို အိမ်ပြန်ပို့ဖို့ပြောတော့ မိုးခိုင်သည် ဖြူ့ကို တွေလျှက် ငေးကြည့်နေသည်။ မိုးခိုင်အသွင် ကိုကြည့်ကာ ဖြူစိတ်မရှည်လှချေ။

    “ပွဲ ၁၀ ရက်နားတယ်လေဟာ၊ ဒီအတာအတွင်း နင်ငါ့ကိုပြန်ပို့ပြီး ပြန်လာလို့ရတာပဲ”

    “မဟုတ်ဘူးဟ  ….”

    မိုးခိုင်သည် တစ်စုံတစ်ခုကို ပြောလိုဟန်ဖြင့် တွန့်ဆုတ်ဆုတ်ဖြစ်နေသည်။

    “ဘာလဲ”.

    “ဟို … မြို့မှာ ဘာသတင်းတွေဖြစ်နေလဲ နင်မသိဘူးလား”

    ဖြူ မျက်မှောင်ကြုတ်တော့ မိုးခိုင်ကစကားဆက်သည်။

    “နင်နဲ့ငါနဲ့ကို ………….”

    ဖြူသည် ရုတ်တရတ် အသိစိတ်မရှိတော့ချေ။ မိုးခိုင်ဆက်ပြောသော စကားများကို ကြားတစ်ချက် မကြား တစ်ချက်. ။

    “နှစ်ဘက်စလုံးက ပုလဲငွေရောင်နဲ့ လိုက်သွားမှန်းသိတော့ ဒေါသထွက်နေကြတယ်။ ငါတို့ ဒီမှာရှိ နေသ၍ လိုက်မရှာကြဘူးတဲ့။ ငါတို့ပြန်လာရင်တော့ ငါ့အဖေက တင့်တောင်းတင့်တယ် မင်္ဂလာဆောင် ပေးမယ်တဲ့”

    ဖြူသည် ချုံးပွဲချ ငိုကြွေးချင်စိတ် ပေါက်သွားသည်။ ဘုရားသခင်…. ဘယ်လို အကျိုးဆက်တွေပါ လိမ့်၊ ဖြူသည် ထင်ရာစိုင်းခဲ့ပြီးမှ ရရှိလာသော အကျိုးဆက်ကို ချက်ချင်းနှယ် စက်ဆုပ် မုန်းတီးသွား  သည်။

    မိုးခိုင်မျက်နှာသည် စိတ်ရှုပ်ထွေးမှု့ကြောင့်ရော ဖြူ့ကို အားနာမှု့ကြောင့်ရော  နီမြန်းလို့ နေသည်။

    “ငါနင့်ကို အားနာတာနဲ့ ပြောမထွက်တာ ဖြူ။ နင်ဘာဖြစ်ချင်လဲ ငါ့ကိုပြောပါ  ငါယောင်္ကျားပါ ….. နင်မြို့ကို ပြန်ချင်တယ်ဆိုရင်လည်း ငါစီစဉ်ပေးပါ့မယ်။ နင်နဲ့ ငါနဲ့ လက်ထပ်ဖြစ်ရင်လည်း နင့်ကိုငါ စိတ်ချမ်းသာအောင် ထားပါ့မယ်”

    “ဟင့်အင်း ………… ဟင့်အင်း”

    ဖြူသည် ခေါင်းကို သွက်သွက်ယမ်းကာ မျက်ရည်ပူများ စီးကျလာသည်။

    “ဒါဆို … ဒီဇတ်မှာပဲ ဆက်နေမလား”

    ဖြူသည် ခေါင်းကိုသာ သွက်သွက်ခါနေလေသည်။ ဘာတစ်ခွန်းမှလည်း ပြော၍မရ။ ဖြူ့ရင်သည် အားအင်တစ်ခုက ဆုပ်ကိုင်ခြေမွထားသလို ဆို့နင့်နေသည်။ မေမေ ……. မေမေရယ်၊ ဖြူ့ကို လာခေါ် လှည့်ပါ၊ ဖေဖေ မယုံပေမယ့် မေမေကတော့ သမီးကို ယုံကြည်မှာပါနော် ။ ဖြူ ကချင်လို့ ထွက်လာတာပါ မေမေရဲ့။ ဖြူ ယောင်္ကျားနောက် လိုက်လာတာမဟုတ်ပါဘူး။ ဖြူ့ကိုယုံပါမေမေ၊ မေမေ့သမီးဟာ ကျောင်း သူကလေးဖြူပါပဲ။

    မေမေ …….. ဟိုးအဝေးက ဖြူ့မေမေရေ။ ဖြူ ဘာဖြစ်လို့ထွက်လာသလဲ မေမေသိမှာပါ  ဖြူ့ ကို ယုံကြည်ပါနော်။ ဖြူဟာ မေမေ့သမီးကလေးပါ မေမေ ၊ မေမေ့ရင်ခွင်ထဲက သမီးကလေးပါ။ ဖြူ့ကိုပြန် လာခေါ်ပါနော် ဖေဖေနဲ့မမကြီး ယုံကြည်အောင် ရှင်းပြပေးပါနော်။ မိုးခိုင်ရဲ့ မိဘတွေကို အမှန်တရားတွေ ဖွင့်ပြောလိုက်လေ မေမေ။ မေမေ သမီးရှေကက မားမားမတ်မတ် ရပ်ပေးမယ်မလား။ အားလုံးကို ရင်ဆိုင်ပေး ပါမေမေ၊ ပြီးရင် ဖြူကိုလာခေါ်လှည့်ပါ မေမေရယ်၊ လာခေါ်လှည့်ပါ။

    ************************

    (၁၀)

    မြစ်ရေပြင်၏ လှိုင်းအရိုက်အပုတ်ဒဏ်ကို ကြောက်ရွံ့သောဖြူသည် အပြောကျယ်လှသော သမုဒ္ဒရာ ရေပြင်သို့ ထွက်ခဲ့ပေပြီ။ ဖြူ အိမ်ကို မပြန်တော့ချေ၊ ပုလဲငွေရောင်သည် ရန်ကုန်အ၀င်၌ မိုးခိုင်သည် သူ ၀ါသနာပါသော ဂီတအဖွဲ့နှင့် ဆက်စပ်မိသွားသည်။ ဖြူနှင့်မိုးခိုင်သည် ပုလဲငွေရောင်နှင့် ဆက်မလိုက် တော့ပဲ ရန်ကုန်မှာ နေရစ်ခဲ့ကြသည်။

    အပိုင်း (၅) ဆက်ရန် …..

    ယခင်အပိုင်းများ –

    အဝေးပျံငှက် အပိုင်း (၁)

    အဝေးပျံငှက် အပိုင်း (၂)

    အဝေးပျံငှက် အပိုင်း (၃)

    ရွှေအိမ်စည် | PatheinCity News | ရသစာပေ

    http://patheincity.com/news/wp-content/uploads/2011/04/flying-bird-4-back.jpg

    Share and Enjoy:
    • Print
    • email
    • RSS
    • Add to favorites
    • PDF
    • Facebook
    • Twitter
    • MySpace
    • Google Bookmarks
    • Yahoo! Buzz
    • Yahoo! Bookmarks
    • Live
    • del.icio.us
    • MSN Reporter
    • Blogplay

    Related Posts

    This entry was posted on Thursday, April 28th, 2011 at 1:59 pm and is filed under အခန်းဆက် ဝထ္ထုရှည်. You can follow any responses to this entry through the RSS 2.0 feed. You can leave a response, or trackback from your own site.
  • 2 Comments

    Take a look at some of the responses we've had to this article.
    ယခုဖော်ပြထားသော အကြောင်းအရာနှင့် ပါတ်သက်၍ စာဖတ်သူများ၏ သဘောထား အမြင်များကို အောက်တွင် ကြည့်ရှု နိုင်ပါသည်။

    1. ချစ်မ
      Apr 29th
      Reply

      မြန်မြန် တင်ပေးပါနော်………….ဖတ်ချင်လို.ပါ။။။။။။

      Like or Dislike: Thumb up 1 Thumb down 0

    2. ဝါရင့် စာရေးဆရာမ တစ်ယောက်လို အရေးအသား ကောင်းပြီး ဆွဲဆောင်မှု ရှိပါတယ်.. ။
      အမြင်လွဲနေတဲ့ သားသမီးကို လမ်းမှန်ရောက်အောင် ပြန်တည့်ပေးဖို့ မကြိုးစားပဲ လွှတ်ထားရက်တဲ့ မိဘတွေကိုလည်း အံ့သြမိပါတယ်..

      Like or Dislike: Thumb up 0 Thumb down 0

  • Leave a Reply

    Let us know what you thought.
    ဤ အကြောင်းအရာနှင့် ပါတ်သက်၍ လူကြီးမင်း၏ သဘောထား အမြင်ကိုလည်း ရေးသားစေလိုပါသည်။

  • Name (required):

    Email (required):

    Website:

    Message: