• အဝေးပျံငှက် အပိုင်း(၁)

    အဝေးပျံငှက် အပိုင်း (၁)

    (၁)

    ငယ်စဉ်က အော်တိုစာအုပ်လေးထဲတွင် သူငယ်ချင်းတစ်ယောက် ရေးပေးခဲ့ဖူးတာ သတိရသည်။

    “လေထဲမှာ ငှက်ကလေးတွေ ပျံဝဲနေတာကို

    သဘောကျခဲ့ရင်

    ဘ၀မှာ လူတကာရဲ့ ထိပ်ကို ရောက်နိုင်အောင် ကြိုးစားပါ” တဲ့

    ဒီတုန်းကတော့ ထိုစာသားလေးကို နှစ်ခြိုက်ခဲ့သည်ပါပဲ။ ဒါဆို ဖြူ ငှက်ကလေးတွေ ပျံဝဲနေတာကို သဘောကျသည်ပေါ့။

    ငှက်ကလေးတွေ ပျံဝဲနေတာကို သဘောကျသည်ဖြစ်စေ၊ မကျသည်ဖြစ်စေ ဖြူသည် လွတ်လွတ်လပ်လပ် ပျံသန်းချင်သည်ကား အမှန်ပင်။

    ဖြူသည် ပန်းပွင့်ကလေးများကို ချစ်သည်။ ဂီတကိုချစ်သည်။ အနုပညာကိုချစ်သည်။ နူးညံ့သိမ်မွေ့ခြင်း ကို ချစ်သည်။ ဘ၀ဆိုတာ ကောင်းကင်ပြင်ကြီး ဖြစ်လျှင် ဒီကောင်းကင်ပြင်ကြီးမှာ ဖြူ အားပါးတရ ပျံသန်း လိုက်မည်ဖြစ်သည်။

    ထိုသို့သာ . . . . . . . .။

    ********

    (၂)

    တိတ်ဆိတ်လွန်းသောညသည် ကြယ်တွေကို တစ်ပွင့်ချင်းခြွေချနေသည်။ ဟင်းလင်းဖွင့်ထားသော ပြတင်း တံခါးမှ စိမ်းနုရောင်ခန်းဆီးစသည် လေအသွဲ့ဝယ် ခပ်နွဲ့နွဲ့။ ကစဥ့်ကလျား ဖွင့်ထားခြင်းခံရသော ဒိုင် ယာရီစာအုပ်နှင့် တရုတ်ပြည်ဖွား ဘောပင်တစ်ချောင်းသည် စားပွဲထက်ဝယ် ခြေပစ်လက်ပစ်နိုင်လှသည်။

    ဖြူ သက်ပြင်းကို ခပ်ဖွဖွချလိုက်သည်။

    “အဆင်ပြေတယ်ဆိုတဲ့ တစ်ကြောင်းတလေနဲ့တော့ မေမေတို့ စိတ်မအေးနိုင်ဘူးပေါ့ သမီး။ တကယ်အဆင်ပြေတယ်ဆိုလည်း ကျောင်းကုန်းကို တစ်ခေါက်တော့ ပြန်လာစေချင်တယ်”

    ဟိုးးအဝေးက ကောင်းကင်ယံရှိ လက်ကနဲ တောက်ပနေသော ကြယ်ကလေး အောက်တည့်တည့်တွင် ဖြူ ရဲ့ မြို့လေးရှိသည်။ ဖြူ ချစ်ခင်ရသော မိသားစု ရှိသည်။

    မေမေ့ရဲ့ နားလည်မှုပေးသော မေတ္တာဖြင့် နွေးထွေးသည့် မျက်ဝန်းအစုံကို မြင်ယောင်မိခိုက် ရင်သည် လှိုက်ကနဲ။ ဒီအချိန်ဆို မေမေ ဖြူ့ကိုများ လွမ်းနေမလား။ ဟိုအရင်အချိန်များကတော့ ဒီလိုညမျိုးတွင် ဖေဖေ့ရဲ့ အောင်မြင်ထည်ဝါသော သီချင်းသံနှင့်အပြိုင် ဖြူ ခြေ၊ လက် တွေ အသာအယာ ကော့ချိုးလျှက် နွဲ့နွဲ့နှောင်းနှောင်း ကပြမြဲ။ မောင်ငယ်ကလေးနှင့် မမကြီးတို့၏ လက်ခုပ်သံသည် ဝေေ၀ဆာဆာ။ မေမေ၏ ပီတိလွှမ်းသော ရယ်မောသံသည် ဖြူ တို့အိမ်ငယ်ကလေးကို တသိမ့်သိမ့်လွှမ်းခြုံစေသည်။

    အခုတော့ ထိုရယ်မောသံတွေ ဖြူ့ ထံပါးကနေ ပျောက်လွင့်ခဲ့တာ ကာလမနည်းကြာခဲ့ပြီကော။ ဝေ့ကနဲ တစ်ချက်တိုက်သော မြောက်လေအေးအောက်ဝယ် ဖြူ သည် ခိုက်ခိုက်တုန်အောင် ချမ်းမြသွားသည်။

    ဘောပင်ကို ခပ်ဖွဖွကိုင်၍ ဒိုင်ယာရီစာအုပ်ပေါ် အသာတင်မိခိုက် ဖြူ သည် ဟိုးကောင်ကင်ယံက ကြယ်ကလေးဆီ အကြည့်ရောက်သွားသည်။

    တစ်ခါတုန်းကပေါ့ မေမေ။ မေမေရယ်. . . .သမီးကလေးရယ်၊ ဒီကြယ်ကလေးကို ကြည့်ပြီး စကားတွေအများကြီး ပြောခဲ့ကြတယ်။ အဲဒီ့တုန်းကတော့ ကြယ်ကလေးဟာ သမီးကလေးရဲ့ အိမ်မက်ပဲ။ အနက်ရောင် ကတ္တီပါလွှမ်းခြုံထားတဲ့ ကောင်းကင်ကြီးမှာ သိပ်ကိုလှပတဲ့ ငွေရောင်နတ်သမီးလေးပေါ့ မေမေရယ်.  .  .  .။

    ***********

    ကွပ်ပျစ်ပေါ်တွင် ထိုင်လျှက် မေမေသည် သမီးကလေးကို ပွေ့ထားသည်။ သမီးကလေး၏ မျက်ဝန်းနက် နက်ကလေးများသည် ကောင်းကင်ယံကို မော့ကြည့်လျှက် တလက်လက်တောက်ပနေသည်။ လရောင်၏ ဖမ်းစားမှုအောက်ဝယ် မေမေသည် ကဗျာလိုလို သီချင်းတစ်ပုဒ်ကို မသဲမကွဲ ညည်းတွားနေသည်။ သမီး ကလေးကမူ ဒါကို သိပ်စိတ်မ၀င်စားလှပါ။ သူ ရွှန်းရွှန်းလဲ့လဲ့ကြည့်နေသည်က ကောင်းကင်ကြီးသာ။ ကောင်းကင်ကို မမှိတ်မသုန်ကြည့်နေလျှက် သမီးကလေးက မေမေ့ကို မေးသည်။

    “ကြယ် ကလေးတွေသာ သိပ်လှတာပဲနော် မေမေ”

    မေမေက “ဟုတ်တယ် သိပ်လှတာပဲ” လို့ အပြုံးနှင့် ထောက်ခံလိုက်တော့ သမီးကလေးရဲ့သွင်ပြင်သည် ၀မ်းသာရွှင်လန်းသွားသည်။ ထို့နောက် မဆိုင်းမတွပင် ချက်ချင်းပြောသည်။

    “သမီး ကြယ်ကလေး ဖြစ်ချင်တယ် မေမေ”

    မေမေသည် ရုတ်တရက် ထိတ်လန့်သွားသည်။ သို့သော် ချက်ချင်းနှယ် ပြုံးရီကာ-

    “စာကြိုးစားရင် ဖြစ်မှာပေါ့ သမီးကလေးရဲ့”

    သမီးကလေး၏ မျက်နှာသည် ဇဝေဇ၀ါအရိပ်တစ်ချို့ ဟပ်ကာ အလျင်စလိုမေးသည်။

    “အဟုတ်လား မေမေ”

    “အေးပေါ့ ပညာတတ်ကြယ်လေး”

    သမီးကလေးသည် ဦးခေါင်းကို ခပ်သွက်သွက်ယမ်းကာ မေမေ့ရင်ခွင်တွင်းမှ လူးလဲထသည်။

    “ဟင့်အင်း မေမေ သမီးက ကနေတဲ့ကြယ်လေး ဖြစ်ချင်တာ ဒီလို ဒီလို”

    *************

    (၃)

    ဖြူ သည် မျက်စိကို စုံမှိတ်လျှက် ဦးခေါင်းကို မသိမသာယမ်းလိုက်သည်။ ကြာခဲ့ပြီကော မေမေ. . .။ ဒီ တုန်းကတော့ မေမေဟာ သမီးကလေးရဲ့ ပါးပြင်ကို ခပ်ဖွဖွနမ်းရှိုက်လို့ ကြည်ကြည်နူးနူး ရယ်မောခဲ့သေး တာပဲ။ အခုအချိန်မှာ မေမေဟာ သမီးကလေးရဲ့ အလာကို မှန်းဆရင်း မျှော်မှန်းနေမည်လား။ အို. . .မေမေ့မျက်ဝန်းမှာ မျက်ရည်စတွေ ဝေ့သီမနေပါနဲ့ကွယ်။

    ဖြူ သည် ခုတင်ခေါင်းရင်းထက်ရှိ မှန်ဝိုင်းလေးထဲသို့ ကြည့်လိုက်သည်။ မှန်ဝိုင်းထဲမှ နှုတ်ခမ်းနီ၊ ပါးနီ နှင့် မိန်းမငယ်တစ်ယောက်သည် သူ့ကိုအသက်မဲ့နေသလို ငေးစိုက်ကြည့်နေသည်။ ဖြူ့ မျက်ဝန်းတွေ သည် ညိုနေသည်ထင်သည်။ အပြာရောင်ခပ်လဲ့လဲ့ခြယ်ထားသော မျက်ဝန်းသည် မဲညစ်ညစ်ဖြစ်နေသည်။ ညဦးပိုင်းကတော့ ထိုမျက်နှာသည် အ၀ါရောင်မီးဆလိုက်များအောက်ဝယ် လန်းဆန်းတက်ကြွနေခဲ့သည်။ ဗလာထမီကို တဖျပ်ဖျပ်ခတ်လျှက် တစ္ဆေတစ်ကောင် ၀င်ပူးနေသလို ဖြူ့ ခေါင်း၊ ခါး၊ ခြေ၊ လက်တို့ စည်းချက်ညီညီ ကော့ချိုးလျှက်။ ဖြူ ဟာ ကြည်ကြည်နူးနူးပြုံးရယ်လျှက်။

    ဂီတသံ ကြားလျှင် ဖြူ့ကို တစ္ဆေပူးတော့သည်။ ဆလိုက်များက ကိုယ်ပေါ်ကို ဖြာကနဲကျလာလျှင် ဖြူ့ဝိ ညာဉ်ဟာ ကခုန်ဖို့ အသင့်ဖြစ်နေတော့တာပဲ။ ဂီတသံအဆုံး မီးရောင်များ မှောင်အကျ ထွက်ပေါ်လာသော ဇွန်းသံ၊ ပုလင်းသံ၊ စကားပြောသံ တစွန်းတစ၊ လက်ခုပ်သံ ခပ်အုပ်အုပ်တို့ကြောင့် ဖြူ သည် ရုတ်ချည်း လဲကျချင်လောက်အောင် နွမ်းလျသွားသည်။

    ကြည့်စမ်း. .နင်ဟာ ကဖို့တစ်ခုလောက်ပဲ သိတဲ့ ဦးနှောက်မရှိတဲ့ မိန်းမတစ်ယောက်ပဲ ဖြူ။ ဖြူဟာ အနု ပညာကို ချစ်လှချည်ရဲ့ဆို။ မြတ်နိုးလှတဲ့ အနုပညာကို ဒီလိုနေရာ၊ ဒီလိုစင်မြင့်မှာ အညှိုးနွမ်းခံ နေရတာ.။

    မီးရောင်များ ပြန်လည် မလင်းလက်လာမီ ဖြူ သည် ခပ်သဲ့သဲ့ ရှိုက်လျှက်  သတ်မှတ်ထားသောနေရာဆီ ပြေးဝင်ခဲ့မိသည်။

    ဘ၀ဆိုတာ ဒီလိုပါပဲကွယ်။ သိပ်ကြီးလည်း မထူးဆန်းလှပါဘူး။ ခပ်သဲ့သဲ့ ခြောက်ကပ်ကပ် ရယ်မောသံ နှင့်အတူ ဖြူ သည် ချက်ချင်းနှယ် ရွက်ဝါတစ်စဖြစ်သွားသည်။

    သွားစမ်းပါ. .ဘ၀ . .အဓိပ္ပာယ်. . အနာဂတ် ။ ဒါတွေဟာ ဖြူ တစ်ချိန်က ထပ်ကာတလဲလဲ ရေရွတ်ခဲ့တဲ့ စကားတွေ။ အခုတော့ ဒါတွေဟာ ရွက်ဆုတ်ပြက္ခဒိန်လို တစ်စစီ ကြေမွသွားပြီ။

    ဒီမှာရှင့်. . .ဦးအောင်ဘညိုရဲ့ အနုပညာဆိုတာ. . .။ သတ္တိရှိရင် အဲဒီ့ ဘီယာဗိုက်ထွက်နေတဲ့ လူဝကြီးကို သွားပြောလိုက်လေကွယ်။ သူဟာ ပန်းရိပ်နွယ်ရဲ့ အရှင်သခင်ကြီးလေ။ သူ့ရဲ့ စကားတစ်ခွန်း၊ လက်ညှိုးတစ်ချက်ဟာ ပန်းရိပ်နွယ်ကို ဘာမဆို ပြောင်းလဲ ပစ်နိုင်တယ်။

    ဖြူ ပြုံးသဲ့သဲ့ ရယ်မောမိသည်။ ဦးအောင်ဘညိုရဲ့ ရှေ့မှာ ခုနှစ်ထွေအကအကြောင်း အားပါးတရ ပြော လျှင်တော့ သူစိတ်ဝင်စားနေမှာ ခုနှစ်လွှာအကပဲ ဖြစ်လိမ့်မည်။ “ပန်းရိပ်နွယ်” ဆိုတဲ့ မြန်မာဆန်ဆန်ပေး ထားတဲ့ စားသောက်ဆိုင်ပိုင်ရှင်ကြီးဟာဖြင့် အတော့်ကို မြန်မာမဆန်လှသည့် လူသတ္တ၀ါကြီးပေပဲ။

    ပန်းရိပ်နွယ်၏ အတွင်းပိုင်း ဖျော်ဖြေမှုမှာ ခေတ်သစ်၊ ခေတ်ဟောင်းနှစ်ရပ် ထားရှိခြင်းအပေါ်တော့ သူ့ရဲ့ စီးပွားရေးအကွက်ထွင်ခြင်းဟုပဲ ဖြူ ယူဆချင်သည်။ မြန်မာအကကို နကန်းတစ်လုံးမှ နားမလည်တတ်တဲ့ သူဟာ ဖြူ ကတာကို ဝေဖန်ရင်တော့ တဆိတ်သည်းမခံနိုင်လှချေ။ ကြည့်နေသူအားလုံး ဖြူ့ အကမှာ နစ်မြောသွားအောင် ဖြူ လုပ်ဆောင်ရမည်တဲ့။

    ဘယ့်နှယ့်ကွယ်။ အရက်ခိုးလျှံနေတဲ့ မျက်လုံးပေါင်းစုံကို အကနဲ့ လိုတာထက်ပိုပြီးတော့ မစွမ်းဆောင် တတ်ပါ။ သေချာကျိန်တွယ်ပြောကြစမ်း. . .။ ဒီနေရာမှာ အနုပညာကို တကယ်မြတ်နိုးလို့၊ ခံစားချင်လို့ လာရောက်နေသူတွေ ဘယ်နှစ်ယောက်ရှိသလဲ။ လက်ချိုးရေကြည့်ရင်တော့ ဖြူ သည် အတော့်ကို စိတ် ပင်ပန်းရမှာ သေချာသည်။

    အလွင့်အစ အဖြစ်အပျက်များနှင့်အတူ ဖြူ သည် မူးယစ်ရီဝေချင်သလို ဖြစ်လာသည်။ ဟိုးအမြင့်ထက် မိုးကောင်းကင်ယံ၌ ဖြူ့ဝိညာဉ်သည် ဝေ့ဝေ့၀ဲဝဲ လွင့်မျောနေသည်။ ဖြူ့နားမှာ ငွေရောင်နတ်သမီးလေး။ ငွေရောင် အလင်းအလက်များသည် ဖြူ့ ကိုယ်ကို ဖြာကျနေသည်။ လှလိုက်တာကွယ်. . .။ အေးမြလိုက် တာ။ ဖြူ ဟာ ငွေရောင်နတ်သမီးလေးသာ ဖြစ်လိုက်ပါတော့။ ငွေရောင် စံပယ်မင်းသမီးလေးသာ ဖြစ် လိုက်ပါတော့။

    ဖြူသည် ရုတ်ချည်း အမှောင်လွှမ်းသွာသည်။ ဘာကိုမှ မမြင်ရချေ။ ခဏကြာမှာပင် ဖြူ ကျင့်သားရသွား သည်။ ဖြူ့ အနားမှာ ငွေရောင်နတ်သမီးလေး မရှိတော့ပေ။ ဖြူ နှင့် အနီးဆုံးမှိန်ဖျဖျ ကြယ်လေးက ခပ်တိုးတိုးလှမ်းပြောသည်။

    “သူ ကြွေကျသွားပြီ” တဲ့

    ဖြူ့ ရင်သည် ဟာလာဟင်းလင်းဖြစ်သွားသည်။ လှုပ်ရှားလှိုက်မောမှုဖြင့် တသိမ့်သိမ့် တုန်ခါလာသည်။ ဟင့်အင်း . .မြန်ဆန်လိုက်တာကွယ်။ ဟိုးးအဝေးကို ဖြူ သွေးရူးသွေးတမ်း လိုက်ရှာသည်။ တကယ်ပင် မတွေ့ရတော့ပေ။ လပြည့်ဝန်းကြီးက အေးစက်စက် အပြော၌ ဖြူ ငိုချင်သွားသည်။

    “အစွမ်းကုန် လင်းပြီးပြီပဲကွယ်”

    ကြယ်ကလေးတစ်ပွင့်သည် ဗြုန်းကနဲ သူ့ရှေ့လာရပ်သည်။

    “နင် သိပ်ခေါင်းမာတတာပဲ မိဖြူ”

    မမကြီး . . .။ ဖြူ့ နှလုံးသားမှ အသံသည် တစွန်းတစ ထွက်ပေါ်သည့်အခိုက် နောက်တဖန် ပြန်လည် ဟာကျသွားသည်။

    ************

    (၄)

    ညက မက်မြင်သော အိပ်မက်ထဲတွင် ဖြူတို့ မိသားစုတတွေသည် င၀န်မြစ်ရေပြင်၌ ပျော်ရွှင်စွာ လှေစီး နေကြသည်တဲ့။ ခပ်စုတ်စုတ်အင်္ကျီကိုဝတ်လျှက် အခကြေးငွေယူ၍ လှေလှော်ပေးနေရသူမှာ ဦးအောင် ဘညို ဖြစ်နေခဲ့သည်။ ဘယ်လောက် ပျော်စရာကောင်းလိုက်သလဲ။

    ရင်ခုန်ဖွယ် ကောင်းသည်ကတော့ ဖေဖေ၊ မေမေ၊ မမကြီး၊ မောင်ငယ်လေးနှင့် ဖြူ မိသားစုငါးယောက်ကနေ စန္ဒယားဆရာလေး ကိုနေလှိုင်းပါ ပါဝင်နေတာပါပဲ။ မဆီမဆိုင်လိုက်လေခြင်းနော်။ စကားမစပ်. . . အိပ်မက်ထဲမှာတောင် ဒင်းက ချောမွေ့နေလိုက်တာ။

    ဖြူ တခစ်ခစ်ရယ်မောလိုက်သည်။ ပြီးမှ တစ်ခါက မောင်ငယ်လေး ဖြူ ရယ်မောနေတာကို ကြည့်လျှက် မျက်မှောင်ကုပ်ရင်း ပြောခဲ့တာ သွားသတိရသည်။

    “မမလေး ရယ်တာ မောင်ငယ် မကြိုက်ဘူး။ လေထဲမှာ ၀ဲနေတယ်”

    ဒီတုန်းကတော့ ဖေဖေက တဟားဟား အော်ရယ်လျှက် ခဲလိုက်ဆွဲပေးပေါ့ သားရဲ့ဟု စနောက်နေခဲ့သည်။ တစ်အိမ်သားလုံးရဲ့ စနောက်ကျီစယ်ခြင်း ခံရတဲ့ မောင်ငယ်လေးက မကျေမနပ်ကောက်ချိတ်ကာ တစ်ည တိတိ စကားမပြောခဲ့တာကိုလည်း ဖြူ အမှတ်ရနေပြန်သည်။

    အခန်းငယ်လေးထဲက စကားမပြောကောက်ချိတ်နေတဲ့ ချစ်စဖွယ်မောင်ငယ်လေးကို အကောက်ပြေလာ အောင် စွမ်းဆောင်ခဲ့သူကတော့ သူ့မမလေး ဖြူ ပါပဲလေ။

    ဖြူသည် အသက်ရှုမ၀ချင်သလို ဖြစ်လာသည်။ ခုတလော ဖြူ သိပ်စိတ်မောတာပဲ။ အရာရာကို ထိလွယ် ရှလွယ် ခံစားလွယ်၍လည်း ခပ်ပျော့ပျော့ဖြစ်နေသည်။ ဖြူ့စိတ်ဝိညာဉ်သည် ဖြူ့ အိမ်ကိုအခါမလပ် ပျံ သန်းလျှက်ရှိသည်။ ဒီမှာ ဘာလုပ်၍ကိုင်၍မှ အဆင်မပြေလှချေ။

    လစဉ်ပို့နေကျ ငွေကိုပို့ရန် ပုဂ္ဂလိကဘဏ်တစ်ခုသို့အသွားတွင်လည်း ရုတ်ချည်းပြန်လှည့်လာချင်သော စိတ်တွေ တဖွားဖွားပေါ်လာသည်။ ဒီငွေတွေကို ဖြူ ကိုယ်တိုင် မေမေ့လက်ကို ပေးချင်လိုက်တာကွယ်။ မောင်ငယ်လေးရဲ့ ပါးဖောင်းဖောင်းကို ဆွဲညှစ်ပြီး အိပ်ကပ်ကလေးထဲ မုန့်ဖိုးထည့်ပေးချင်လိုက်တာ။

    ဖြူသည် လစဉ်ကြားခံဝန်ဆောင်မှုဖြစ်သော ဘဏ်ကြီးကို ချက်ချင်းနှယ်မုန်းတီးလာသည်။ ဘဏ် ၀န် ထမ်းကလေးများ၏ ခရီးဦးကြို နှုတ်ဆက်ပြုံးပြမှုကိုလည်း တယ်ကြည့်မရလှချေ။ ဘဏ်စာရေးမ၏ ကွန် ပျူတာနှိပ်နေသော လက်ချောင်းသွယ်သွယ်များကိုလည်း ချိုးဖဲ့ချင်သောစိတ်က ထိန်းမရချင်ပေ။

    ဖြူ့ကို ဖြတ်ပိုင်းလေး လှမ်းအပေး ကြည်မွေ့ချိုသာသော အပြုံးနှင့်အတူ “ကျေးဇူးတင်ပါတယ်ရှင်” ဟူ၍ ဆွဲလည်းသံသာသာနှင့် လှပစွာပြောနေသော ဘဏ်စာရေးမကို ကြည့်၍ မကျေမနပ် မုန်းတီးသွား ပြန် သည်။

    “ငါ အိမ်မပြန်ရတာကို နင် ကျေးဇူးတင်တာမလား” ဟု စိတ်ထဲက အခါခါ အော်ဟစ်ရန်တွေ့ကာ ဖြူ လှည့်ပြန်လာခဲ့သည်။

    လမ်းတလျှောက်ရှိ တွေ့သမျှ လူအားလုံး၊ အရာဝတ္တုအားလုံးသည် သူ့ကို လှောင်ပြောင်နေသည်ဟု ဖြူ ထင်မိသည်။ ခွေးတစ်ကောင် လမ်းသလားနေသည်ကိုပင် ခဲလုံးနှင့် ကောက်ပေါက်မိသလားပဲ။ သင်းက သာ မာန်ဖီ၍ ပြန်ကိုက်လျှင်တော့ လမ်းမလယ်မှာ ဖြူ အရှက်ကွဲဦးမည်။ ဒီခွေးကို ဖြူ က ပြန်ရိုက်လျှင် နောက်တစ်နေ့ ဂျာနယ်ထဲမှာ ခွေးတစ်ကောင်နှင့် ရန်ဖြစ်နေသော ဖြူ့ ပုံပါလာလိမ့်ဦးမှာပဲ။

    ဖြူ လွှတ်ကနဲ ရယ်လိုက်သည်။ မောင်ငယ် မကြိုက်သော ခပ်ပေါ့ပေါ့ ရယ်နည်းမျိုး။

    မျက်ဝန်းသည် ရုတ်တရက်ဆိုသလို စိုစွတ်လာသည်။

    ရယ်တာကလွဲပြီး ဘ၀ကို မမလေး ခပ်ပေါ့ပေါ့ မထားခဲ့ပါဘူး မောင်ငယ်ရယ်။

    ဟိုးးအဝေးဆီက ဗျိုင်းငှက်တွေ အိပ်တန်းပြန်သွားသည်။

    လေပြည်က ဝေ့ကနဲ. . . . . ။

    အပိုင်း (၂) ဆက်ရန် ……

    ရွှေအိမ်စည် | PatheinCity News | ရသစာပေ

    http://patheincity.com/news/wp-content/uploads/2011/03/flying-bird-dancing.jpg

    Share and Enjoy:
    • Print
    • email
    • RSS
    • Add to favorites
    • PDF
    • Facebook
    • Twitter
    • MySpace
    • Google Bookmarks
    • Yahoo! Buzz
    • Yahoo! Bookmarks
    • Live
    • del.icio.us
    • MSN Reporter
    • Blogplay

    Related Posts

    This entry was posted on Sunday, March 13th, 2011 at 3:15 pm and is filed under အခန်းဆက် ဝထ္ထုရှည်. You can follow any responses to this entry through the RSS 2.0 feed. You can leave a response, or trackback from your own site.
  • 2 Comments

    Take a look at some of the responses we've had to this article.
    ယခုဖော်ပြထားသော အကြောင်းအရာနှင့် ပါတ်သက်၍ စာဖတ်သူများ၏ သဘောထား အမြင်များကို အောက်တွင် ကြည့်ရှု နိုင်ပါသည်။

    1. summer
      Mar 14th
      Reply

      ရယ်တာကလွဲပြီး ဘ၀ကို ခပ်ပေါ့ပေါ့ မထားခဲ့ပါဘူး ………..။ အဲစားသားကို ကြိုက်တယ်ပက်ပက် စက်စက် ကိုက်တယ် (အဲလေ မှားတွားလို) ကြိုက်တယ်ပေါတာပါ

      Like or Dislike: Thumb up 0 Thumb down 0

    2. [...] အဝေးပျံငှက် အပိုင်း (၃)အဝေးပျံငှက် အပိုင်း (၂)အဝေးပျံငှက် အပိုင်း(၁) [...]

      Like or Dislike: Thumb up 0 Thumb down 0

  • Leave a Reply

    Let us know what you thought.
    ဤ အကြောင်းအရာနှင့် ပါတ်သက်၍ လူကြီးမင်း၏ သဘောထား အမြင်ကိုလည်း ရေးသားစေလိုပါသည်။

  • Name (required):

    Email (required):

    Website:

    Message: