• အဝေးပျံငှက် အပိုင်း (၂)

    အဝေးပျံငှက် အပိုင်း (၂)

    (၅)

    ပြောရမည်ဆိုလျှင် ဖြူ့ မေမေမျိုးရိုးသည် သဘင်သည်။ ဖြူ သည် ရုပ်ဆင်းအင်္ဂါ ဖေဖေနှင့် တူစေကာမူ ဖြူ့ကိုယ်ထဲ လှည့်ပတ်စီးဆင်းနေသည်ကတော့ မေမေ့သွေး စစ်စစ်ပင်။ မေမေ့ထံမှ ဖြူ သည် အနုပညာ၊ ပါရမီ၊ ၀ါဿနာ၊ ဗီဇ တို့ကို အပြည့်အ၀ လက်ခံရရှိခဲ့သည်။ “မငွေကျော့” ရယ်လို့ တစ်ချိန်က လင်းလက် ခဲ့သည့် မေမေဟာ ဖြူ ငယ်စဉ်ဘ၀ကတည်းက အကပညာကို လက်ထပ် သင်ကြားပေးခဲ့ရင်း အမွေပေးခဲ့ သည်။ သားသမီးသုံးယောက် ရှိသည့်အနက်မှ ဖြူ တစ်ယောက်တည်းသာ အနုပညာဝါဿနာ ပါသူဖြစ်ခဲ့ သည်လေ။

    မင်းသမီးလေး မငွေကျော့ကို ချစ်ခင်နှစ်သက်လွန်း၍ ပွဲကရာမြို့များသို့ တကောက်ကောက်လိုက် ပိုးပန်း ခဲ့ငြား လက်ထပ်အပြီးတွင် ဖေဖေသည် မေမေ့ကို မင်းသမီးဘ၀အား စွန့်လွှတ်စေခဲ့သည်။ ဖေဖေ့ကို ချစ် သောစိတ်ဖြင့် မျိုးရိုးတလျှောက် သဘင်သည်ဘ၀ဖြင့် အသက်မွေးခဲ့သော်လည်း မေမေ့လက်ထက်တွင်မူ “မငွေကျော့” ဘ၀ကို တိကနဲစခန်းရပ်ကာ ဖေဖေ့ဇနီး မခင်ကျော့အဖြစ် ပြောင်းလဲခဲ့တာ ဖြူတို့ တစ်သက်ပါပဲ။

    မျိုးရိုး၏ အနုပညာကို မကွယ်သုဉ်းစေရန် အကပညာကို ဖြူ့အား အမွေပေးခဲ့ငြား မေမေသည်ဖြူ ကျောင်း ကပွဲ၌ ကသည်ကိုပင် သိပ်မနှစ်မြို့လှပေ။ သဘင်သည် ဖြစ်ဖို့ကတော့ ဝေးစွပင်။ သို့ပေမယ့် ဖြူသည် မေမေ့သမီးပဲလေ။ ၀ါဿနာကိုရပ်တန့်နိုး ဗီဇသွေးကိုတော့ ဖြူ ဖျောက်ဖျက်မရ ချင်ပါ။ ဖြူ့နှလုံးသွေးတွေသည် ဂီတသံကြားရလျှင် ကဖို့အဆင်သင့် ဖြစ်နေတော့တာပါပဲ။ နို့ဒီသွေး တွေက မေမေ့သွေးတွေပဲမဟုတ်လားကွယ်။

    ကျောင်းကပွဲတိုင်းတွင် စဉ်ဆက်မပြတ် ပါဝင်ခဲ့သော ဖြူ့အမည်သည် ကျောင်းကုန်းမြို့ အထက်တန်း ကျောင်းတွင်သာမက ကျောင်းကုန်း တစ်မြို့လုံးကိုပါ ဖုံးလွှမ်းစေခဲ့သည်။ ကျောင်းသားတို့ ပါးစပ်ဖျားဝယ် “မြနှင်းဖြူ” သည် တရရနှင့်။ ဖြူ့ရဲ့ ရုပ်ရည်ရူပကာထက် ဖြူ့ အနုပညာကြောင့်သာ ကျော်ကြားရခြင်း ဖြစ်သည်ဟု ဖြူ ယုံကြည်သည်။

    ဖြူ့ ရုပ်ရည်သည် ရင်သပ်ရှုမောလောက်ဖွယ် အလှမျိုး မဟုတ်ခဲ့။ ဥစ္စာဓနအနေနှင့် သာမာန်ရုံးဝန်ထမ်း မိသားစု ဖြစ်သော ဖြူတို့၌ ဖေဖေ့မိဘအမွေဖြစ်သော အိမ်ငယ်တစ်လုံးမှအပ အခြားအဖိုးတန် တစ်စုံတရာ မရှိခဲ့ပေ။ ဖေဖေက ဖြူ့ကို ပညာရေးတွင် ထူးထူးချွန်ချွန် ဖြစ်စေချင်သည်။ မေမေကတော့ ထာဝစဉ် ဖေဖေ့သဘောပါပဲ။

    မမကြီးသည် ဖေဖေ့ စိတ်တိုင်းကျ ဘွဲ့နှစ်ခုယူပြသောအခါ ဖေဖေ ကျေနပ်မဆုံးတော့ပေ။ ကျောင်း ဆရာမလေးဝတ်စုံဖြင့် နေ့စဉ် ကျောင်းသွားသော မမကြီးကို ကြည့်၍ ဖေဖေ့ကြည်နူးမှုသည် ဖြူတို့ကိုပါ လျှံကျစေသည်။ ဖြူ နှင့် မောင်ငယ်ကလေးကိုလည်း စာကြိုးစားဖို့ တရရပြောတော့သည်။ ထိုစဉ်က ဖြူ ဆယ်တန်း၊ မောင်ငယ်လေးက ငါးတန်း။

    ဖေဖေသည် ကလေးသာသာ ရှိသေးသော မောင်ငယ်လေးထက် ဆယ်တန်းရောက်နေသော ဖြူ့ကိုသာ ပို၍ ကြပ်ကြပ်မတ်မတ် တင်းကျပ်ခဲ့၊ မျှော်လင့်ချက်တွေ ထားခဲ့နှင့် ရှိလှသည်။ ဖေဖေ့ သမီး အငယ်မသည် မေမေ့လို အနုပညာသွေးပါသူရယ်မို့ ထိုဗီဇက ရုတ်တရက် ထကြွနိုးကြားမှာကို ဖေဖေ အစိုးရိမ် ပိုခဲ့ရှာသည်။
    ကျောင်းကုန်းမြို့၌ ဘုရားပွဲရှိသည့်အခါဖြစ်စေ၊ အခြားပွဲလမ်းသဘင်ရှိ၍ ဖြစ်စေ ဇာတ်အဖွဲ့တစ်ဖွဲ့ လာကတိုင်း ဖြူ တရံခါမှ မကြည့်ခဲ့ရပါ။

    ငယ်စဉ်က ပညတ်ချက်ကြောင့် မကြည့်ခဲ့ရခြင်း ဖြစ်သော်လည်း ထိုနှစ်ကမူ ဖြူ ကိုယ်တိုင်ပါ မကြည့်ချင်ခဲ့ပေ။ ဖြူ့ဆယ်တန်းနှစ်သည် ဖေဖေပုံသွင်းထား၍ရော၊ ဖြူ့ရဲ့ငယ်နုစဉ် တက်ကြွမှုလေးတွေကြောင့်ရော ဘ၀တစ်ဆစ်ချိုး စာမေးပွဲအတွက် အားမာန်လေးတွေသာ ရှိနေခဲ့သည်။

    အနုပညာသည် ဘယ်ဆီမှာ ခိုဝင်ပြေးပုန်းနေလည်းမသိပေ။ ဖေဖေ မျှော်လင့်သလို၊ ဖြူ မျှော်မှန်းသလို ဆယ်တန်းစာမေးပွဲကို ဂုဏ်ထူးနှစ်ဘာသာနှင့် အောင်မြင်သည့်အချိန်၌ ဖြူတို့တစ်အိမ်လုံး အပျော်တွေ ဖုံးခဲ့ရသည်။
    တကယ်တော့ ထိုတော့မှ စလုံးရေ စခဲ့သည်ဟု ဖြူ ထင်သည်။

    *************

    တရားခံမှာ ဖြူ ဖြစ်၍ လက်သည်မှာ မိုးခိုင်ပင်။ မိုးခိုင်သည် ဖြူ နှင့် ငယ်သူငယ်ချင်း။ မိုးခိုင်သည် ဂစ်တာတဒေါင်ဒေါင် လုပ်တတ်သည်ကလွဲ၍ အနုပညာကို ၀ါဿနာပါသလား၊ မပါသလား ဖြူ သေချာ မသိ။ တစ်နေ့တော့မိုးခိုင်က ဖြူ့ဘ၀ကို ပြောင်းလဲစေမည့် စကားတစ်ခွန်း သယ်လာသည်။
    ထိုအချိန်က ဖြူသည် ခရေပွင့်တွေ သီနေခဲ့သည်။

    “နင် ပုလဲငွေကိုသိလား”

    ဖြူသည် ကြောင်တက်တက် ဖြစ်သွားသည်။ ဖြူ့အမူအရာကို ကြည့်၍ မိုးခိုင်က ကျွတ်ကနဲ စုတ်သပ်သည်။

    “နင်က သိပ်အတာပဲ။ ပုလဲငွေရောင်ဇာတ်က မင်းသားပုလဲငွေလေဟာ”

    “သြော် အင်း ကြားဖူးတယ်”

    “နင် ကမလား”

    “ဟမ်”

    မိုးခိုင်က ခေါင်းကိုတစ်ချက်ကုတ်ကာ မျက်မှောင်တွန့်သည်။

    “ပုလဲငွေက င့ါအစ်ကို ၀မ်းကွဲဟ။ ငါ့ကို သူ့ဇာတ်မှာ စတိတ်ရှိုးဆိုဖို့ ထည့်ထားတယ်။ နင်ကချင်ရင် ငါပြောပေးမယ်”

    ဖြူ့ရင်သည် ဒိန်းကနဲ ဖြစ်သွားသည်။ နားထင်သည် သွေးတဒုတ်ဒုတ် ခုန်နေသည်။ ကျောင်းကပွဲမှ မင်းသမီး လေး မြနှင်းဖြူ၏ ဗလာထမီခတ်သံ တဖျပ်ဖျပ်ကို ကြားယောင်လာသလိုပင်။ ဇာတ်စင်ပေါ်မှ ပန်းသွေး ရောင်ကြွနေသော မင်းသမီးလေးကို ထိုးထားသော မီးမောင်းဆလိုက်များ။ သီချင်းအချ၊ ကကြိုးအနွဲ့ တဝေါဝေါလျှံကျလာသော လက်ခုပ်သြဘာသံများ။

    ရင်သည် တလှပ်လှပ်နှင့်အတူ ငယ်နုသွေးသည် တဖျပ်ဖျပ် ဆူဝေလှုပ်ရှားလာသည်။ တက်ကြွမှုရစ်သန်း နေသော မိုးခိုင်မျက်ဝန်းများကို ကြည့်၍ ဆုံးဖြတ်ချက်က ခုန်ပေါက်ကျသည်။ သတိမထားမိခင်မှာပင် စကားကလွှတ်ကနဲ. . . . ။

    “နင် စီစဉ်ပေး မိုးခိုင်။ ငါကချင်တယ်”

    ************

    နောက်ပိုင်း မိုးခိုင်နှင့်ဖြူတို့၏ လှုပ်ရှားမှုများသည် လျှို့ဝှက်သည်းဖို ဆန်လှသည်။ ဖြူသည် စူးစမ်းလေ့လာချင်သော တက်ကြွစိတ်တို့ဖြင့် ရင်ခုန်လှုပ်ရှား၍ နေခဲ့သော်လည်း ဖေဖေနှင့်မေမေကို အသိပေးရန်အထိမူ မ၀ံ့ရဲလှပါ။ မိုးခိုင်လည်း ထို့အတူ ။ ထိုအခါ မိုးခိုင်နှင့် ဖြူသည် အရာအားလုံးကို လျှို့ဝှက်လုပ်ဆောင် ရသည်။ တိတ်တဆိတ် တွေ့ဆုံရသည်။

    မိုးခိုင်က ပုလဲငွေနှင့်တွေ့ရမည်ဆိုသော် ဖြူသည်ကြောက်ရွံ့စိတ်ကြောင့် ငိုချင်သလိုဖြစ်လာသည်။ ပုလဲငွေနှင့် စကားပြောရသော်ဖြူသည် မင်းသားကိုရဲရဲ မကြည့်ဝံ့ ။ ဖြူ၏ ယုန်သူငယ်မလေး အသွင်ကို ကြည့်၍ မင်းသားက ခပ်လွန့်လွန့်ရယ်သည်။ ပုလဲငွေ၏ရယ်သံသည် ဇာတ်ဟန်ပါသည်။ မင်းသားကအသံ သွင်းထားသော တီးလုံးအခွေကိုဖွင့်၍ ကခိုင်းသော် ဖြူလက်ဖျားခြေဖျားတွေ အေးစက်လာသည်။ ချက်ချင်း နှယ် ဇာတ်စင်တစ်ခုလို သဘောထားကာ ကရသည့်တိုင် ခပ်ရွံ့ရွံ့ဖြစ်နေသေးသည်။

    ကက်ဆက်မှဖွင့်သော တီးလုံးသံသည် မေမေသင်ထားသော နှင်းဆီဖူးငုံအကနှင့် လိုက်လျောညီထွေသည်မို့ ဒါကိုပင် ဖြူ ကပြလိုက်သည်။ နှင်းဆီဖူးငုံသည် ပန်းတပွင့်ဖူးငုံသည်မှ တဖြည်းဖြည်း ပွင့်အာလာသည်အထိ ခပ်ဖြည်းဖြည်း နှင့် ကကွက်စိပ်စိပ် ကပြရခြင်းဖြစ်သည်။ အကပညာ၏ ဘယ်ခြေညာလက် တစ်ကွက်အချိုး၌ နှင်းဆီ ပွင့်လေး အစွမ်း ကုန်ပွင့်အာသည့်နှယ် မျက်နှာကို ခပ်မော့မော့လုပ်၍ ရင်ကိုစွင့်ထားလိုက်သည်။ တီးလုံး သံသည် မရပ်သေးသဖြင့် ကကြိုးဆင်ထားသော လက်တို့ကို အနည်းငယ် လှုပ်ရှားရသေးသည်။ အတန် ငယ်ကြာမှ တီးလုံးသံသည် ဆွဲဆွဲငင်ငင်နှင့် ပတ်မပြေးကာ ရပ်သွားသည်။

    မင်းသားထံမှ လက်ခုတ်သံ တဖျောင်းဖျောင်း ထွက်ပေါ်လာသော် ဖြူသည်ချွေးအတန်ငယ်စို့နေရာမှ ပျော်ရွှင်ရသေးသည်။ မင်းသားက ညည်းကို လက်ထောက်မင်းသမီး ခန့်လိုက်ပြီ ပြောသော် ဖြူနှင့်မိုးခိုင်မှာ ထခုန်ချင်လောက်အောင် ၀မ်းသာသွားသည်။

    “ကိုယ့်ဇာတ်မှာ မင်းသမီးက မြသဲကြည်။ သူလည်းမနည်း ၀ါရင့်တယ်။ သူ့ဆီမှာ မင်းသင်ရမယ်၊ အချိန်တော့သိပ်မရှိဘူး၊ နောက်တစ်လကြာရင် ကိုယ်တို့ပွဲကရမယ်။ ကိုယ်စာချုပ်တွေ လက်ခံထားတယ်”

    ဖြူသည် အံ့အားသင့်လွန်း၍ ရင်တွေတလှပ်လှပ် ဖြစ်နေသည်။ ကြည့်စမ်း….. အဖြစ်အပျက်က မြန်ဆန်လိုက်တာ။ ဖြူသည်ပုလဲငွေနှင့် တွေ့ရန်လာသည်အထိ ဒီအခြေအနေထိ မျှော်လင့်မထားခဲ့ပေ။ မျှော်လင့်မထားဘဲ ပွဲကရမည်ဆိုသော် ဖြူဘယ်လို ခံစားရမှန်းမသိ။ ဖြူ့ ရင်သည် တုန်ရီလှိုက်မောနေသည်။

    မင်းသားက “ညည်း စာချုပ်ချုပ်ရမယ်။ မိဘလက်မှတ်လိုတယ်။ အမေဒါမှမဟုတ် အဖေခေါ်လာခဲ့။ ရှိသေးတယ်မလား” ဟုမေးသော်ဖြူသည် အခြေအနေကို ရုတ်ချည်းသတိရသွားသည်။

    ဖေဖေနှင့် မေမေမျက်နှာကို တလှည့်စီ မြင်ယောင်ကာ ဖြူလက်ဖျား၊ ခြေဖျားတွေ အေးစက်လာသည်။ မိုးခိုင်ကို အားကိုးတကြီးလှမ်းကြည့်သော် မိုးခိုင်သည် မျက်နှာသေနှင့် ဖြူ့ကိုကြည့်နေသည်။ ဖြူသည် ဘာပြောရမှန်းမသိပေ သို့မဟုတ် ဘာဆုံးဖြတ်ရမှန်း မသိပေ။
    မိုးခိုင်က ခြောက်ကပ်ကပ်နှင့် “ကျွန်တော်တို့လာတာ လူကြီးတွေမသိဘူး” ဟုပြောသော် မင်းသား က မျက်မှောင်တွန့်သွားသည်။

    “အလုပ်တစ်ခု လုပ်မယ်ဆို မိဘခွင့်ပြုချက် လိုတာပေါ့။ နို့မင်းတို့ဆယ့်ငါး…… ဆယ့်ခြေက်အရွယ် လေးတွေ ကိုယ်တာဝန်မခံရဲဘူး။ မိုးခိုင်ရော …… မင်းသီချင်းဆိုမှာ ဦးလေးလှသိရဲ့လား”

    “သိတယ် ကိုနိုင်။ သိတယ်”

    မိုးခိုင်က ခပ်သွက်သွက်ဝင်ဖြေသည်။ မိုးခိုင်ရဲ့ အနှောင်အဖွဲ့ကင်းသော တက်ကြွမှုကို မြင်သော် ဖြူဝမ်း နည်းသွားသည်။ စည်းကမ်းတင်းကျပ်သော ဖြူ့ဘ၀ကို တွေးမိသော် ဖြူသည် မုန်းတီးစက်ဆုပ်သလိုဖြစ် သွားသည်။

    “ဖြူ ကြိုးစားပါ့မယ်။ ဖြူ့ကို အချိန်နည်းနည်းပေးပါဦး”

    ဖြူရဲ့ စကားသံ ခပ်တိုးတိုးအဆုံး မင်းသားသည် စီးကရက်ကို ဟန်ပါပါ ရှိုက်ဖွာရာမှ ခေါင်းတစ်ချက် ဆတ်သည်။

    “အိုကေလေ.. ကိုယ်က အလုပ်သဘောအရ တိကျအောင် ပြောတာပါ။ နောက် သုံးရက်ကြာရင်လာခဲ့ပေါ့ ဟုတ်ပြီလား”

    *************

    (၆)

    ဖြူသည် အိမ်ပြန်ရောက်သည့်အထိ ဂဏှာမငြိမ်လှချေ။ ဖေဖေ့ကို ပြောရမည်လား၊ မေမေ့ကို ပြောရမည်လား  အရိပ်အကဲကိုကြည့်ကာ ဖြူချီတုံချတုံ ဖြစ်နေသည်။ စကားစမည်ပြင်သော် အသံကလည်ချောင်းဝတွင် ပျေက်ဆုံးသွားသည်။ အလုပ်လုပ်သော် အမှားအယွင်းလုပ်ထားသူတစ်ယောက်နှယ် အယောင်ယောင် အမှားမှားနှင့်  မူမမှန်ချေ။ ကိုယ့်လိပ်ပြာကိုယ်မလုံသော ဖြူသည် မောင်ငယ်ကလေး၏ စူးစမ်းသော အကြည့်ကိုပင် ရင်မဆိုင်ဝံ့။

    မေမေသည် ညနေကတည်းက ဖြူ့ကိုအကဲခတ်နေသည်။ ဖြူ့မေမေသည် သမီးတစ်ယောက်၏ ဂဏှာမငြိမ်မှုကိုရိပ်မိကာ တစ်စုံတစ်ရာ ပြောလိုဟန်ဖြင့် ဖြူ့ကိုစောင့်နေသည်။ မေမေစကားစလာသော် ဖြူအံ့သြရသည်။

    မေမေက မိုးခိုင်နှင့် အနေအထိုင်ဆင်ခြင်ဖို့ပြောသော် ဖြူ ထပ်မံအံ့သြရသည်။ ဖြူသည် အနည်း ငယ်စိတ်သက်သာရာ ရသလို၊ အနည်းငယ်လည်း ညစ်ညူးသည်။ နောက် အနည်းငယ်လည်း ရယ်ချင်ပြန်သည်။ မေမေသည် ဘာကိုသံသယရှိသလဲဆိုတာကို ရိပ်မိကာ ဖြူစိတ်ညစ်ပြန် သည်။ ဖြူဖြစ် နေတာက  မေမေထင်တာနှင့် တခြားပင်။ ဒါကိုမေမေသိအောင် ဖြူမပြောဝံ့ပြန်ချေ ။

    သို့သော်ဖြူသည် မည်သို့ဖြစ်စေ ဖွင့်ပြောတော့မည်ဟု ဆုံးဖြတ်ချက်ကို ယတိပြတ်ချလေသည်။ ဖြူသည် ခိုင်မာသောစိတ်ကြောင့် အနည်းငယ်တည်ငြိမ် သလိုပင်ဖြစ်လာသည်။

    ဖြူ့စကားဆုံးသော် မေမေသည်ဖြူ့ကို ကြောင်တောင်တောင်နှင့် ကြည့်နေသည်။ မေမေ့အသွင်ကို မြင်ရသည်မှာ မမြင်ဖူးသော သူစိမ်းတစ်ယောက်ကို စူးစူးစိုက်စိုက် ကြည့်သည့်သဏ္ဌန်မျိုး။ ကြာသော် ဖြူမနေတတ်တော့ချေ။ မေမေ့လက်မောင်းကို လှုပ်ရမ်းကာဖြူမူနွဲ့တော့ မေမေသည် အသိဝင်လာသူ တစ်ယောက်လို ရှိုက်ကြီးတငင် ငိုတော့သည်။

    မေမေငိုသည်မှာ သည်းထန်စွာရှိုက်ကာ၊ ရှိုက်ကာနှင့်ဆို့ဆို့နင့်နင့် ငိုခြင်းဖြစ်သည်။ အတော်နှင့် အတောမသပ်နိုင်ပေ။
    ဖြူသည် သူပါဝမ်းနည်းသလိုဖြစ်ကာ မေမေ့ကိုလည်း နားမလည်နိုင်တော့။ နားမလည်နိုင်ခြင်း ကြားမှပင် သူ့အကြံမအောင်တော့ပြီိကို နားလည်ကာ ၀မ်းနည်းရပြန်သည်။ ဖြူသည် ယောက်ယက်ခတ် အတွေးများကြားကပင် စိတ်ရှုပ်ထွေးသလို ဖြစ်လာသည်။

    မေမေ …… သမီးကလေးတော့ ငိုရခြင်း အကြောင်းရင်းကို မတွေးတတ်နိုင်အောင်ပါပဲ၊ မေမေ ငိုတာကို မကြည့်ပါရစေနဲ့ မေမေ။ မငိုပါနဲ့ မေမေရယ်။ ဖြူသည်စိတ်ထဲမှ စကားများစွာပြောကာ မချမ်းမြေ့လှပေ ။

    အတန်ကြာအောာင် ငိုကြွေးပြီးမှ မေမေသည် မသက်ဆိုင်သည့်စကားတစ်ခွန်းကို ကောက်ကာငင်ကာ ပြောတော့သည်။

    “သမီးကို မေမေ ပုံပြင်တစ်ပုဒ် ပြောပြမယ်”

    အပိုင်း (၃) ဆက်ရန်

    ယခင်အပိုင်းများ – အဝေးပျံငှက် အပိုင်း (၁)

    ရွှေအိမ်စည် | PatheinCity News | ရသစာပေ

    http://patheincity.com/news/wp-content/uploads/2011/03/flying-bird-2-back.jpg

    Share and Enjoy:
    • Print
    • email
    • RSS
    • Add to favorites
    • PDF
    • Facebook
    • Twitter
    • MySpace
    • Google Bookmarks
    • Yahoo! Buzz
    • Yahoo! Bookmarks
    • Live
    • del.icio.us
    • MSN Reporter
    • Blogplay

    Related Posts

    This entry was posted on Sunday, March 20th, 2011 at 9:36 am and is filed under အခန်းဆက် ဝထ္ထုရှည်. You can follow any responses to this entry through the RSS 2.0 feed. You can leave a response, or trackback from your own site.
  • 2 Comments

    Take a look at some of the responses we've had to this article.
    ယခုဖော်ပြထားသော အကြောင်းအရာနှင့် ပါတ်သက်၍ စာဖတ်သူများ၏ သဘောထား အမြင်များကို အောက်တွင် ကြည့်ရှု နိုင်ပါသည်။

    1. ပုသိမ်သားလေး
      Mar 20th
      Reply

      အားပေးနေတယ် ဆရာမ… မန်ဘာဖိုးကုန်မှာစိုးလို့ ဒေါင်းပြီး အိမ်ရောက်မှ အာရပါးရဖတ်တော့မယ်။…..

      Like or Dislike: Thumb up 0 Thumb down 0

    2. [...] အပိုင်း (၃)အဝေးပျံငှက် အပိုင်း (၂)အဝေးပျံငှက် [...]

      Like or Dislike: Thumb up 0 Thumb down 0

  • Leave a Reply

    Let us know what you thought.
    ဤ အကြောင်းအရာနှင့် ပါတ်သက်၍ လူကြီးမင်း၏ သဘောထား အမြင်ကိုလည်း ရေးသားစေလိုပါသည်။

  • Name (required):

    Email (required):

    Website:

    Message: