ကြုံရဆုံရစော်ဘွားမောင်နှံဘဝ
အဝေးဆီမှ နိဂြောဓါဗျာဒိတ်ပေး ဘုရားရှင်ကိုယ်တော်မြတ် လှည့်လည်ရေးအဖွဲ့၏ ဗျာဒိတ်ပေးသံများ ခပ်သဲ့သဲ့ထွက်ပေါ်နေသည်။ တစ်အိမ်ပြီး တစ်အိမ် ရွတ်ဖတ်သရဇ္ဇယ်အပြီး လေးတွဲ့တွဲ့ခရုသင်းမှုတ်သံသည် နာရီခြား ထွက်ပေါ်နေသည်။ ဘုရားလူကြီး၏ ဗျာဒိတ်ပေး အဆုံးသတ်အဖြစ် ”ကောင်းချီး ပေးကြပါကုန်သတည်း” ဟူသော အသံကမူ အကျယ်ဆုံး။ နာရီကို ကြည့်လိုက်တော့ ညတစ်ချက်တီးပြီ။ ကျွန်မတို့ လမ်းထဲသို့မူ မကြွချီသေး။
ကျွန်မတို့လမ်းထဲ၌ မီးထိန်ထိန်လင်းလျက် အိမ်တိုင်းအိမ်တိုင်း ဗျာဒိတ်ခံယူရန် အသင့်အနေအထား ဖြစ်အောင် ပြင်ဆင်နေကြသည်။ မေမေသည်လည်း အိမ်ရှေ့ မြေကွက်လပ်၌ ကော်ဇောအဖြူခင်းကာ ခုံပုလေးတစ်ခုံကို ပိတ်ဖြူခင်းလျှက် ချထားသည်။ ခုံပုလေးပေါ်တွင် လှူဖွယ်ပစ္စည်းတို့ကို စီရရီ တင်ထားပြီး နေရာချထားနေပြီ။ ကျွန်မကမူ ရှေ့တော်ပြေး စက်ဘီးငယ်များကိုပင် မမြင်ရသေးသည့်အတွက် အိမ်အောက်သို့ မဆင်းသေး။
”ဒီနှစ်ဘုရားပွဲက တော်တော်စည်တယ်သိလား” ဟုညီမငယ်က အနားသို့လာရပ်ရင်း ပြောသည်။ သူမအပြောကို ခေါင်းညိတ် အသိအမှတ်ပြုရင်း မနှစ်ကကျွန်မတို့အဖွဲ့၏ အဖြစ်အပျက်များကိုတွေးမိကာ ပြုံးမိရသေးသည်။
အပြည့်အစုံ ဆက်ဖတ်ရန်»