• ခြားနားရင်ခွင်

    ခြားနားရင်ခွင်

    ကျွန်မ အိပ်ပျော်နေရာမှ နိုးသည်လည်းမဟုတ်။ အိပ်ပျော်နေသည် လည်းမဟုတ်။ အိပ်ယာ နိုးခါနီး မသိတသိ အချိန်ကလေးမှာ ပါးပြင်က နူးညံ့တဲ့အထိအတွေ့ တစ်ခုကို ခံစားရင်းက သာယာကြည်နူးနေမိသည်။ မောင့်ရင် ခွင်မှာ ကျွန်မပါးလေးအပ်ထားရတဲ့အရသာဟာ တ ကယ့်ကို ရစ်မူးဖွယ်ရာဖြစ်လို့နေသည်။ မောင့် ရင်ခွင်မှာ မှိန်းနေရင်းက မျက်လုံး လေး အသာလှန်ပြီးကြည့်လိုက်ရင် မောင့်မျက်နှာ၏ တစ်စိတ်တစ်ပိုင်း နှင့် မောင့် မေးစေ့ သွယ် ဝိုင်းဝိုင်းကို တွေ့ရမည်။

    အဲဒီလိုအချိန်မှာ မောင်များနိုးနေရင် ကျွန်မကိုပြုံးပြီး ကြည့်ကောင်းကြည့်နေမည်။ အဲဒီ နောက် မောင်ကျွန်မနဖူး ကို နူးညံ့စွာ နမ်းရှိုက်မည်။ မောင်က ကျွန်မ ကိုတင်းတင်း ကြပ် ကြပ် ပွေ့ဖက်လိုက်တဲ့အခါ ကျွန်မ ကလည်း မောင့်ရင်ခွင်ကို အသာနမ်းလျှက် မောင့်ကို ပြန်ပြီးဖက်တွယ်မိမည်။ မောင့်ရင်ခွင်ဟာ ကျွန်မအတွက် ဆွတ်ပျံ့ ကြည်နူးမှုတွေ တမ်းတ မက်မောမှုတွေနဲ့ပြည့်နှက်လို့နေသည်။

    ကျွန်မ မျက်လုံးကိုအသာဖွင့်ပြီး မော့ကြည့်လိုက်သည်။ ကျွန်မ နှလုံးသားသည် ရုတ်တရက် ဒိန်းကနဲ့မြည်ကာ ကြောက်မက်ဖွယ်ရာ တုန်ခါသွားပါသည်။ ကျွန်မမျက်လုံးကို အသာလေး ပြန်မှိတ်ထား လိုက်ရသည်။ ကျွန်မရင်ခုန်သံကို ကျွန်မ ထိတ်လန့်ဖွယ်ရာ ကြားနေရသည်။ ကျွန်မ ရှက်ရွံ့မှုတွေ သိမ်ငယ်မှုတွေ အပြင် အပြစ်တစ်ခုကို ကျူးလွန်လိုက်တဲ့အခါမှာ ခံစားရ တဲ့စိုးရိမ် ပူပန်မှုတွေကိုပါ ရောထွေးပြီး ခံစားလိုက်ရသည်။ ကျွန်မမျက်နှာတစ်ခုလုံး တရှိန်းရှိန်း နဲ့ ပင်ပူလာ သည်။

    ကိုဦး သည် ကျွန်မကို ညင်သာစွာပွေ့ဖက်လျှက် အိပ်ပျော်နေစဲဖြစ်သည်။ ကိုဦး၏ အသက် ရှူသံကို တိုးသက် ညင်သာစွာ ကျွန်မကြားနေရသည်။ ကျွန်မ နဖူးပြင်ကို ကိုဦး၏ ဝင်လေ ထွက်လေများက ညံ့ညံ့သဲ့သဲ့ တိုးခတ် နေသည်။ ကျွန်မသည် နွေးထွေးလှသော ကိုဦး၏ ရင်ခွင်တွင် တခိုက်ခိုက်တုန်အောင်ပင် ချမ်းစိမ့်လာသလို ခံ စားနေရလေသည်။ ကျွန်မ ကိုဦး ကို စိတ်ထဲမှပင် အကြိမ်များစွာ တောင်းပန်နေမိသည်။

    ကိုဦးနဲ့ကျွန်မတို့အိမ်ထောင်သက် မကြာသေးပါ။ ကျွန်မ မူးဝေစွာ နိုးထလာချိန်တွင် ဤ သို့သော ရှက်ရွံ့ဖွယ် ရာခံစားမှုတွေ ကျွန်မရဲ့မသိစိတ်က မောင့်အပေါ် စွဲလမ်း တွယ်တာ မှု တွေ သည်ယနေ့ထက်တိုင်ကြွင်းကျန်နေ စဲ။ ကျွန်မ သက်ပြင်းကို မသိမသာလေး ခိုးပြီးချ လိုက်ရသည်။ ကျွန်မရင်တွေ လေးလံလို့နေသည်။ ကျွန်မရှူ ထုတ်လိုက်သော လေသည် အထစ်အငေါ့များစွာဖြင့်၊ ကျွန်မ ရင်တွေကလည်း လှိုက်လှိုက်ခါခါဖြင့် တုန်လို့ နေလေ သည်။

    ကျွန်မချစ်သူ မောင်သည် ဆယ်ကျော်သက်ဘဝမှသည် ကိုဦးနှင့်ကျွန်မ လက်မထပ်မီ တစ် နှစ်အလို အချိန်အထိ ကျွန် မနဲ့အတူ အရိပ်လိုရှိနေခဲ့သူဖြစ်သည်။ ကျွန်မနှင့်မောင်သည် ခွဲလို့ခွာလို့ မရတဲ့စုံတွဲ ရယ် လို့ အပေါင်းအသင်း သူငယ်ချင်းများကပင် ငြူစူရလောက် အောင် တတွဲတွဲနှင့် မခွဲနိုင်မခွာရက် ချစ်ခဲ့ကြ သူ များ ဖြစ်ခဲ့ လေသည်။

    “အချိုမြိန်ဆုံးပျော်ရွှင်မှု ကို အချစ်ဖြင့်ရရှိနိုင်သည် …..”

    ကျွန်မ မောင့်၏ ပျော့အိညိုမောင်သောဆံပင်တွေကို ချစ်သည်။ မောင့်ရဲ့လည်ဂုတ်နား ရောက်နေသော ဆံပင် ညိုညိုတွေ ဖြီးပေးတဲ့အခါ မောင့်ဆံပင်တွေဟာ ဘီးနောက်သို့မလိုက်ချင်သလို ရုန်းထွက်သွားတတ်သည်။ မောင့် မျက်ဝန်းတွေကို ကျွန်မကြည့်မိရင် မောင့်ရဲ့ အဲ ဒီအကြည့်တွေ ခေါ်ရာနောက်ကို ကျွန်မ မျက်စိစုံမိတ်ကာ လိုက် သွားမိမည်ဖြစ်သည်။ မောင်ရယ် သွေးလိုက်ရင် တော့ ကျွန်မ ရင်ထဲမှာပင် လှိုက်ကနဲ မြူးသွားတတ်သည်။

    ကျွန်မ ခင်ပွန်းကိုဦး တွင်တော့ မောင့်မှာလို ညိုမှောင်သောဆံပင်တွေထက် မဆိုသ လောက် ကြမ်းရှသော၊ အ နည်းငယ်ရှည်လာပါက အဖျားတွင် တွန့် ခေါက်သွားတတ်သော ဆံပင်းမျိုးသာရှိသည်။ ကျွန်မ ကိုဦးကို ခေါင်း လျှော်ပေးတဲ့အခါ ကိုဦးက မောင့်လို ဘယ် နားလေးကို တော့ နှိပ်ပေး၊ ဒီနားတော့ယားတယ်၊ ဆံပင်တွေ ကို အတင်းကြီးမဖြီးနဲ့နော် လို့ ကျွန်မကို ဆရာ မလုပ်ပဲ အသာလေးငြိမ်သက်နေတတ်သည်။ ကိုဦးဆံပင်တွေကို ဖြီး ပေးတဲ့အခါ သူ့ဆံပင်တွေဟာ ဘီးနောက်ကိုလိုက်မည်ထက် ဘီးကိုကျစ်လိမ်၍ ဆွဲထား တတ်သော ဆံပင်မျိုး ဖြစ်လေသည်။

    ကိုဦး၏ နက်မှောင်သောမျက်ဝန်းတွေသည် ကျွန်မမျက်ဝန်းမှသည် ရင်ထဲအထိ ထိုးဖောက် မြင်နိုင်သောမျက်လုံး မျိုးဖြစ်သည်။ သို့သော် တည်ကြည်၍ ကြင်နာတတ်သော ဒီမျက်ဝန်း ပိုင်ရှင်တို့သည် သူတို့ရင်ထဲ ခံစားချက်တွေ ကို တစ်ပါးသူမသိမြင်အောင် ဟန်ဆောင်ဖုံး ကွယ်ထားနိုင်လွန်းကြသည်။

    မောင့် မျက်နှာသည် ကိုဦးလို ယောက်ျားဆန်လွန်းသောမျက်နှာ မျိုးမဟုတ်။ မောင့်မျက်နှာ သည် မုတ်ဆိတ် ပသိုင်းကင်းစင်လျက် နုညက်သည်။ ကိုဦး၏ မျက်နှာကတော့ ဒေါင့်ချိုး တိုင်းတွင် မုတ်ဆိတ်မွှေးပသိုင်းမွှေး တို့ ကိုစနစ်တကျ ရိတ်ပယ် ထားသဖြင့် စိမ်းစိုလို့နေ သည်။ ကိုဦးမျက်နှာက မောင့်မျက်နှာလို မချိုပေမယ့် ကိုဦးရဲ့ တည်ကြည်မှုတွေက ကျွန်မ ရင်ထဲ မှာ ယုံကြည့်အားကိုးမှုတွေကို ပေါက်ပွားလာစေသည်။

    ကျွန်မလေ မောင့်ချစ်သူဘဝမှာ မောင့်ရဲ့ချောမောလှပမှုကြောင့် ကျွန်မရင်ခွင်ထဲကနေ မောင်ထွက်သွားမှာ ကျွန် မကိုထားခဲ့ပြီ မောင် တခြားသော မိန်းမတစ်ယောက်ရဲ့ ရင်ခွင် ကိုရောက်သွားမှာ ရူးသွပ်မတတ် ပူပင်ခဲ့ရသည်။ မောင်ရဲ့ ဖော်ရွေမှုတွေကြောင့် ကျွန်မနဲ့မောင် အကြိမ်ပေါင်းများစွာ ရန်ဖြစ်ခဲ့ရသည်။ မောင့်ရင်ခွင်မှာ ရှိစဉ်က မောင့် အချစ်တွေ ထက် မောင့်ကိုဆုံးရှုံးရမှာကို စိုးရိမ်ရတဲ့ခံစားမှုတွေနဲ့ပဲ ကျွန်မစိုးရွံ့ထိတ်လန့်နေခဲ့ရ သည်။

    မောင့်နှုတ်ခမ်းတွေသည် ယောကျာ်းတစ်ယောက် အတွက်ပါးလျလွန်း သည်။ သို့သော် ကျွန်မ အဲဒီမောင့် နှုတ်ခမ်းရဲ့အနမ်းချိုချိုတွေအောက်တွင် အသိပျောက်လုမတတ် ရူးသွပ် မိန်းမောခဲ့ရသည်ပဲလေ။ မောင့်ရဲ့ဖြူနွဲ့ တဲ့ဟန်ပန်တွေ ၊ ပူနွေးချိုမြတဲ့အနမ်းတွေ၊ ကဗျာ ဆန်တဲ့မောင့်စကားတွေ၊ မောင်ရယ်မောလိုက်ရင် ကျွန်မ ဘဝကြီး တစ်ခုလုံး ပြုံးပျော်သွား သလို တောင်ခံစားခဲ့ရပါသည်။

    ကိုဦးက မောင့်လို မနူးညံ့ပါ။ မောင်ဆိုပြသောသီချင်းတွေ မဆိုထားနှင့် သူအလွန်ကြိုက်နှစ် သက်ပါသည် ဆို သော သီချင်းတစ်ပုဒ်ကိုပင် ဖြောင့်အောင်ဆိုပြတတ်သူမဟုတ်။ ဂီတာတီး ၍ သီချင်းဆိုပြ ဖို့ဆိုသည်မှာတော့ ကိုဦး ဘဝတွင် တွေးတောင်တွေးဖူးမည်မဟုတ်ဟု ကျွန်မထင်သည်။ မောင် ဂီတာတီးပြီးသီချင်းဆိုလိုက် ရင် ကျွန်မ မောင့်အသံနောက်သို့စီး မျော၍ပါသွားတတ်သည်။ မောင့်ဂီတာတီးသော လက်သွယ်သွယ်တွေသည် ကျွန်မ မျက် လုံး ထဲတွင် ညင်သာစွာကခုန်နေတဲ့ကချေသည်တွေလို။

    မောင်မျက်လုံးလေး မှေးစင်းလျက် သီချင်းညည်းနေ ပုံသည် ကျွန်မမျက်လုံးထဲမတော့ အ ပြစ် ကင်းသော က လေးတစ်ယောက်လို။ သို့သော် ကိုဦးရင်ခွင်ကိုမှီနွဲ့ရင်း ဗီစီဒီကာရာ အိုကေတွေနားထောင် ရတဲ့အခါကျပြန် တော့ ကိုဦးက ကျွန်မဆံပင်တွေကို ညင်ညင်သာ သာ ပွတ်သပ်ပေးနေတတ်ပါသည်။ ကျွန်မသည် ကိုဦး၏ အ ကြင်နာ တွေ အောက်တွင် အပြစ် ကင်းသော ကလေးတစ်ယောက်လို အိပ်ပျော်ချင်ခဲ့ပါသည်။

    “ကျွန်မရဲ့အသည်းနှလုံးက မီးပုံပေါ်မှာ…….
    မီးစတောက်ခါစက အင်မတန်လှပသလောက်….
    အရှိန်ကောင်းလာတော့ လောင်မြိုက်လာပြီ…….
    သူ့ရဲ့ရက်စက်မှုတွေကို ပြင်းပြ ပူလောင်စွာခံစားရပြီ…..”

    ကျွန်မ ရူးမတတ် ချစ်လှပါသော မောင့်ကို ထားပြီး ကိုဦးရဲ့ရင်ခွင်ကို ဘာလို့များ ကျွန်မခို ဝင်ခဲ့ပါသနည်း။ ကျွန် မသူငယ်ချင်းအားလုံးက ဘာဖြစ်လို့လဲ ဟူသောမေးခွန်းကိုမေး တိုင်း ကျွန်မ ရင်တွေနာကျင်ခဲ့ရသည်။ ကျွန်မ မောင့်ကို အရာအားလုံးထက် ပိုပြီးချစ်ခဲ့ပါ သည်။ မောင့်မျက်လုံးတွေကိုချစ်သည်။ မောင့်အနမ်းတွေကို ချစ်သည်။ မောင့် ရင်ခွင်ကို စွဲလမ်းမိခဲ့သည်။ မောင့် ဂီတတွေ မောင့်သီချင်းတွေနဲ့အတူ ကျွန်မ မောင့်ရင်ခွင်မှာ မှေး စက် ခဲ့ ဖူးသည်။

    မောင် ဟာကျွန်မဘဝမှာ အလိုအပ်ဆုံးလူ၊ မောင်ရှိရင် ကျွန်မ တွင်အရာရာပြီးပြည့်စုံသည်။ ကျွန်မဘဝမှာ မောင် မရှိရင် မဖြစ်တော့ပါဘူးလို့ကျွန်မသိလိုက်ချိန်မှာ ကျွန်မကို လက် ထပ်ဖို့ တောင်းဆိုခဲ့သည်။ မောင် ကျွန်မရင် ခွင်ကနေ ထွက်သွားခဲ့ရင်ဟူသော စိုးရိမ်မှုတွေကြောင့် ကျွန်မအနားမှာ မောင် အမြဲရှိနေအောင် မောင့် တစ် မျက်နှာ ကို ကြည့် ပြီး လက်ထပ်ဖို့ကျွန်မဆုံးဖြတ်ခဲ့သည်။

    ဒါပေမယ့် ကျွန်မ မောင့်ကို အကဲခတ်မှားခဲ့ပါသည်။ ကျွန်မ ကိုလက်ထပ်ပါလို့မောင့်ကို တောင်းဆိုချိန်မှာ မောင် ဘက်က ငြင်းဆိုမှုဆိုတာကို ကျွန်မထည့် မတွက်ခဲ့ဘူးပေ။ မောင် ကသူ့ကိုအချိန်ပေးပါလို့ပြောခဲ့ရင်တောင် ကျွန်မ ခွင့်ပြုလိုက်ဖို့ပြင်ဆင်ခဲ့ပြီးပြီ။ ကျွန်မ အထင်တွေ လွဲမှားခဲ့ရသည်။ မောင်သည် ကျွန်မနဲ့ အတူ ပျော်ရွှင် ခဲ့ သည် မှလွဲ၍ ကျွန်မ ကို လက်ထပ်ပေါင်းသင်းဖို့အသင့်ဖြစ်မနေခဲ့။

    ကျွန်မရင်တွေ ကို တစ်စစီ ဆွဲစုတ်ပစ်လိုက်သလိုပင်ခံစားခဲ့ရပါသည်။ မောင့် မျက်လုံးတွေ က တောင်းပန်မှုတွေ နဲ့စိုးထိတ်နေပေမယ့် ကျွန်မ မောင့်ကို အားကိုးတဲ့ စိတ်တွေကတော့ ပြိုကျပျက်ဆီးလို့ကုန်သည်။ ကျွန်မ အ သက်နှစ်ဆယ့်ရှစ်နှစ်ရှိခဲ့ပြီ။ မိဘတွေရဲ့ပူပန်မှု တွေ၊ ကျွန်မဘဝအတွက် လိုအပ်နေသော လုံခြုံမှုတွေ၊ မောင်နှင့် အတူ ဖဝါးခြေထပ် အတူ ရှိနေခဲ့တဲ့အချိန်ကတွေက ကျွန်မကို လက်ထပ်ဖို့တွန်းပို့လာခဲ့ပြီလေ။

    “အဆိုးရွားဆုံး ဝမ်းနည်းကြေကွဲရမှုဟာလည်း
    အချစ်ကပင် ပေးထားခဲ့ခြင်းဖြစ်သည် ….. ”

    မောင့်မှာ ကျွန်မကို ချစ်တဲ့အချစ်တွေကလွဲရင် ဘာမှကိုမရှိတာပါလား။ အနည်းဆုံးတော့ ကျွန်မ ယုံကြည် အောင်ပဲဖြစ်ဖြစ် မောင်ကြိုးစားခဲ့သင့်သည်။ ကျွန်မ မောင့်ကို ထားပစ်ခဲ့ပါသည်။ နောက်ဆုံးအချိန်မှာ ကျွန်မ မောင့်မျက်နှာကို မကြည့်ဖြစ်ခဲ့။ မောင့်မျက်ဝန်းတွေ ကို မြင်လိုက်ရရင် မောင့်ရဲ့ကြေကွဲ မှုတွေကို ရင်ဆိုင်လိုက် ရရင် ကျွန်မရဲ့ဆုံးဖြတ်ချက် တံတိုင်းကြီး တဝုန်းဝုန်း ပြိုလဲကုန်မှာကို သိနေခဲ့၍ ဖြစ်ပါသည်။

    “ ပန်းဆု ချစ်တဲ့သူတစ်ယောက်ကို မေ့ပစ်ဖို့ဆိုတာ ဘယ်လောက်ခက်ခဲတယ်ဆိုတာ ကိုယ်နားလည်ပါ တယ်။ စိတ်မှာ ကြိမ်ဖန်များစွာ စွဲလန်းခဲ့တဲ့ခံစားချက်တွေကို ဖျောက်ဖျက် ပြစ်ရမယ် လို့ကိုမပြောပါဘူး။ ပန်းဆု ကို နဲ့ လက် ထပ်လိုက် ရင် ပန်းဆုကို့ကိုချစ် လာဖို့ကကို့တာဝန်ပဲ။ အတိတ်က ဖြစ်ခဲ့တာတွေကို ပန်း ဆု မေ့သွား အောင် အချိန် ယူပြီး ကို ကြိုးစားမယ်။ ပြီးတော့ ပန်းဆုကို ရော ပန်းဆုရဲ့ဂုဏ်သိက္ခာကိုပါ ကို ယုံကြည် တယ်။ အဲတာတစ်ခု တည်းနဲ့ပန်းဆုကို ကိုလက်ထပ်ဖို့ ဆုံးဖြတ်လိုက်တာ။”

    ကိုဦး မျက်လုံးတွေက မောင့်မျက်ဝန်းတွေနဲ့ခြားနားစွာ ယုံကြည့်မှုတွေနဲ့တောက်ပနေ ခဲ့ သည်။ကျွန်မနဲ့မောင် ပတ်သက်ခဲ့သည်တို့ကို ကိုဦးက လျစ်လျူရှုပေးနိုင်ခဲ့သည်။ ကိုဦး နှင့် လက်မထပ်မီ တစ်နှစ်တာသည် မောင့် ရင်ခွင်မှ ပြေးထွက်လာသော ကျွန်မအတွက် မုန်တိုင်းထန်ထန် လေထန်ထန်နဲ့ အရူးတစ်ပိုင်းဖြစ်ခဲ့ရသော နေ့ ရက်များဖြစ်ခဲ့သည်။ မောင့်ကို သတိရစိတ်တမ်းတစိတ်တွေနဲ့ လမ်းခုလတ်ကနေ ပြန်လှည့်သွားရန် ကျွန်မ အကြိမ်ကြိမ် စိတ်ကူးခဲ့မိသည်။

    သို့သော် ကိုဦး သည် ပါရမီကောင်းသော ပန်းပုဆရာတစ်ယောက်လို ကျွန်မကို ထုဆစ် ပေးခဲ့သည်။ ကျွန်မ နွမ်းနယ်နေချိန်တွင် ကိုဦးသည် အားဆေးတစ်ခွက်ဖြစ်ခဲ့ သလို၊ ကြေ ကွဲ နာကျင်နေချိန်တွင် ကျွန်မ အယောင် ယောင်အမှားမှားနဲ့ ခေါင်းထားငိုရှိုက်ခဲ့ရသော ရင်ခွင်ကိုလည်း ပေးခဲ့သည်။ ကျွန်မ မောင့်ရင်ခွင် ကထွက် ခွာလာအပြီး တစ်နှစ်အကြာ တွင် ကိုဦးနှင့်လက်ထပ်ခဲ့ပါသည်။

    ခေါင်းလောင်းဆိုတာ မထိုးမချင်း ခေါင်းလောင်းလို့မမည်ဘူး…..
    သီချင်းဆိုတာ မဆိုမချင်း သီချင်းရယ်လို့မမည်ဘူး…..
    အချစ်ဆိုတာ မပေးဆပ်ရင် အချစ်ရယ်လို့မမည်ဘူး …..
    ( Oscar Hammerstein –American Song Writer– )

    ကျွန်မ၏ မင်္ဂလာဦးနေ့ရက်များသည် ဘယ်တော့မှ ပြန်မလိုချင်လောက်အောင် ခါးသီးနာ ကျင်မှုများနှင့် ပြည့်သိပ်လို့နေသည်။ သို့သော် ကိုဦး ၏ ရင်ခွင်သည် ကျွန်မ အတွက် အာ ဟာရဖြစ်စရာ ပျားသကာတွေ၊ ကျွန်မအမောပြေ သောက်သုံးစရာ ရေချိုအေးတွေနဲ့၊ နွေး ထွေးလုံခြုံမှုတွေ အေးမြသာယာမှုတွေဖြင့် ပြည့်နှက် နေခဲ့သည်။

    “ကို လေ ဒီတစ်သက်မှာ တစ်ခါမှ မချစ်ခဲ့ဖူးဘူး။ ပန်းဆုကို မေမေ စိတ်ချမ်းသာရင်ပြီးရော ဆိုပြီး လက်ထပ်ဖို့ခေါင်ငြိမ့်ခဲ့တယ် ဆိုတာကိုယ်ဝန်ခံပါတယ်…..ဒါပေမယ့် ပန်းဆုကို တွေ့ရတော့ ကိုယ့်ဘဝကို အလှဆင်ပေးမယ့် ပန်းလေးတစ်ပွင့်ကို တွေ့လိုက်ရသလိုပဲ …. ကို ပျော်နေခဲ့တယ် သိလား ပန်းဆု …. ပန်းဆုဟာ ကို့အတွက် အဖိုးမဖြတ်နိုင်တဲ့ဆုလာဘ်တစ်ခုပါ … ပန်းဆုကို စတွေ့လိုက်ရတဲ့နေ့ကတည်းက ပန်းဆုကို ကို ချစ်မိသွားတယ်ထင်ပါရဲ့ …

    ကိုဦးရဲ့ကမ္ဘာမှာ ကျွန်မပျော်လာပါသည်။ ကျွန်မ ဟာပန်းတစ်ပွင့်ဖြစ်တယ်ဆိုရင် ကိုဦးဟာ ဥယျာဉ်မှူးတစ် ယောက် လို ပန်းတွေကို ပွင့်လန်းစေသူဖြစ်သည်။ မောင့်ရဲ့ ရင်ခုန် လှိုက် မော ဖွယ်ရာ ရင်ခွင်တွင် ကျွန်မပျော် ရွှင် ခဲ့သလို ကိုဦး၏ နွေးထွေးလုံခြုံသောရင်ခွင်တွင် ကျွန်မပြုံးလာနိုင်ခဲ့ပြီ။ ဒါပေမယ် ကျွန်မကို ခွင့်လွှတ်ဖို့ကိုဦးကို တောင်းပန်ရဦးမည်။မိုးလင်းတိုင်း အိပ်ရာနိုးတိုင်း ကျွန်မသတိရ သင့်သည့်သူမှာ ကိုဦး ဖြစ်နေသင့် ပါလျှက်နဲ့ကိုဦးရင်ခွင်မှာ အိပ်စက် လျှက် တစ်ပါး ယောက်ျားတစ်ယောက်၏ ရင်ခွင်ကို (မသိစိတ်နဲ့ဖြစ်စေ)တမ်းတ လွမ်းဆွတ်နေသော ကျွန်မသည် ကိုဦး၏ ရင့်ကျက်တည်ကြည်မှု နား လည်ခွင့်လွှတ်မှု များ အောက်တွင် သိမ်ငယ်နေမိသည်။ ဗုဒ္ဓဘာသာ မြန်မာမိန်းမတစ် ယောက် အနေဖြင့် တစ်ပါးသော ယေက်ျားကို ကာမပိုင်ရှိလျှက်က အိပ်မက် မက်ခြင်းသည် ပင် အပြစ်ကား ကြီးမားလှပြီဖြစ်သည်။ ကိုဦး ခွင့်လွှတ်နေပါစေ ဦးတော့ ကျွန်မ ကို ကျွန်မ ခွင့်မလွှတ်နိုင်။

    “ ကို ကအသစ်အဆန်း လုပ်ရတာ သဘောကျတယ် ပန်းဆုရဲ့။ ကိုလေ လွန်ခဲ့တဲ့တစ်နှစ် လောက်က ဥယျာဉ်တစ်ခု စပြီးစိုက်ပျိုးခဲ့တယ်။ ကိုစိုက်ပျိုးတဲ့ဥယျာဉ်က အသီး အပွင့် တွေ နဲ့ဝေဝေဆာဆာ ဖြစ်လာမယ်ဆိုတာ ကိုယုံ ကြည်ခဲ့တယ်။ ကို ကလေ ဖြူစင်နေတဲ့ပန်းတစ်ပွင့်ကို ခူးရမှာထက်၊ လှပလွန်းလို့ခူးဆွတ်သွားပြီဖြစ်တဲ့ ပန်းလေးကို ကိုယ့် ရင်ခွင်မှာ ဘယ်လိုလန်းဆန်းစေမလဲဆိုတာကိုပဲ စိတ်ကူးရင်ခဲ့တာ ….. အဲ့ဒါ အချစ်ဖြစ်မယ် ပန်းဆုရဲ့… ကို့ ရဲ့အချစ်တွေ ကို ပန်းဆုရဲ့ အင်အားတွေပဲ ဖြစ်စေချင်တယ် …. ကို့ကို ပန်းဆု ချစ်လာတဲ့တစ်နေ့မှာ ကို သတ္တိတွေ အရင်ကထက် ပိုပြီးကောင်းလာမယ် ထင်တယ်ဗျာ ….. ”

    အချစ်မှာ ဝန်ထုပ်ဝန်ပိုး ဆိုတာ မရှိ….၊
    ဘယ်တော့မှလည်း ဒုက္ခတစ်ခုဖြစ်တယ်လို့မသတ်မှတ်….၊
    သူ့ရဲ့ချစ်အင်အားတွေ ဘယ်လို တိုးပွား ခိုင်မာလာမလဲဆိုတာ ကိုပဲ သူကြိုးစားနေတာ…..။
    မဖြစ်နိုင်ဘူးဆိုတဲ့ဆင်ခြေတွေနဲ့လဲ အယူခံမဝင်တတ်ဘူး …..
    ဒါကြောင့်မို့အချစ်ဟာ အရာတိုင်းကို မြုပ်နှံသဂြို င်္လ်လိုက်နိုင်တာ …။ (- Thomas A. Kempis – )

    ကိုဦး ၏ခွင့်လွှတ်နားလည်သော၊ နေရောင်ကြောင့် နွမ်းနယ်နေသော ပန်းလို ကျွန်မကို၊ လရောင်လိုအေးမြ သာ ယာမှုတွေပေးခဲ့သော၊ အကြင်နာတွေကြောင့် မောင့်ကို တမ်းတ စိတ်တွေသည် တဖြည်းဖြည်း မှေး မိန်လာပါပြီ။ ဒါပေမယ့် မောင်ရယ် မောင့်ကို လမ်းခွဲ ထွက်ခွာဖို့ဆုံးဖြတ်လိုက်တုန်းက ပြောရတာလွယ်ကူ သ လောက် မောင့် ကို မေ့ဖို့က တော့ ကိုဦး သာ ဒီလောက် နားလည်မပေးခဲ့ရင်ကျွန်မ သေပင်သေသွားနိုင် လောက် အောင် ခက်ခဲ လေးလံခဲ့ပါတယ်။

    ကျွန်မ ကိုဦး ရင်ခွင်မှာ (ကိုဦးရင်ခွင်ပါလားဟူသော အသိစိတ်ဖြင့်) ကိုဦး၏ စိမ်းညိုညိုမေး ဖျားကို အသာနမ်း လိုက် မိပါသည်။ ကျွန်မ နှုတ်ခမ်း၏ အထိအတွေ့ကြောင့် ပြုံးရွှင်စွာ နိုး ထလာသော ကိုဦးက ကျွန်မကို အထူး တဆန်း ငုံ့ကြည့်သည်။ သူ့ဇနီး ကျွန်မ ဒီကနေ့ထူးခြားနေတယ်ဆိုတာ ကိုဦးသိသည်ပေါ့။ ကျွန်မ ရှက်ရွံ့စွာ ကိုဦးရင် ထဲသို့ခေါင်းထိုးခါ ကျွန်မပါးနှင့် ထိကပ်လိုက်မိသည်။ ကိုဦး ရင်က နွေးထွေးနေသည်။ ကိုဦးရင်ခုန် သံ က တိုးသက်သက် မှန်စွာကြားနေရသည်။ ကိုဦးရင်ခွင် ၏ နွေးထွေးမှုက ကျွန်မပါးပြင်မှသည် တစ်ကိုယ်လုံး သို့ ပျံ့နှံ့သွားလေသည်။

    ကိုဦး ကကျွန်မကို ခပ်တင်းတင်းဖက်တွယ်လိုက်ပြီး လှိုက်ဖိုစွာရယ်မောလိုက်သည်။ ကျွန်မ ရယ်သံတွေက လည်း ကိုဦး ရယ်သံနဲ့အတူစည်းချက်ကျစွာ ထွက်ပေါ်လာသည်။ ကိုဦးကို ကျော်၍ ပြတင်းတံခါးဆီမှ ဝင်လာသော နေရောင်ခြည်နွေးနွေး တွေသည် ကိုဦး ရင်ခွင်နှင့် အပြိုင် တောက်ပနွေးထွေးလို့နေသည်။ ကျွန်မနဖူးကို ကိုဦးက ညင်သာစွာ နမ်းရှိုက်လိုက် သည်။ ထွက်ပေါ်လာသော နေခြည်နုနုနဲ့အတူ ကိုဦး၏ ပျော်ရွှင်မှုတွေသည် ကျွန်မရဲ့ ပျော် ရွှင်မှုများ ဖြစ်လာခဲ့ပါသည်။ ကျွန်မ မောင့်ကို တောင့်တမိခဲ့သော နံနက်ခင်းအချိန်များသည် ဤ နံနက် ခင်းတွင် ဆုံးခန်းသို့တိုင်ခဲ့လေပြီတည်း။

    ရန်ကုန်သား (ရင်ခွင်တစ်ခု ဖန်ဆင်းခြင်း) PatheinCity News | ရသစာပေ

    (ဤစာမူသည် စာရေးဆရာ ရန်ကုန်သား(ရင်ခွင်တစ်ခု ဖန်ဆင်းခြင်း) ၏ ဝထ္ထုတို  ဖြစ်ပါသည်။ ပြန်လည် ကူးယူ ဖော်ပြလိုပါက စာရေးဆရာ ရန်ကုန်သား(ရင်ခွင်တစ်ခု ဖန်ဆင်းခြင်း) ထံမှ ခွင့်ပြုချက် ကြိုတင် တောင်းခံရန် လိုအပ်ပါသည်။ )

    ကျေးဇူးတင်စွာဖြင့်
    မြို့တော်ပုသိမ် သတင်းစဉ်

    ဆက်စပ်ပြီး ဖတ်ရှုရန် - ရင်ခွင်တစ်ခု ဖန်ဆင်ခြင်း

    Share and Enjoy:
    • Print
    • email
    • RSS
    • Add to favorites
    • PDF
    • Facebook
    • Twitter
    • MySpace
    • Google Bookmarks
    • Yahoo! Buzz
    • Yahoo! Bookmarks
    • Live
    • del.icio.us
    • MSN Reporter
    • Blogplay

    Related Posts

    This entry was posted on Sunday, November 28th, 2010 at 3:00 pm and is filed under ဝထ္ထုတို. You can follow any responses to this entry through the RSS 2.0 feed. You can leave a response, or trackback from your own site.
  • 7 Comments

    Take a look at some of the responses we've had to this article.
    ယခုဖော်ပြထားသော အကြောင်းအရာနှင့် ပါတ်သက်၍ စာဖတ်သူများ၏ သဘောထား အမြင်များကို အောက်တွင် ကြည့်ရှု နိုင်ပါသည်။

    1. [...] ခြားနားရင်ခွင်သူမ၏ညရင်ထဲက နေရာလေး တစ်ခု [...]

      Like or Dislike: Thumb up 1 Thumb down 0

    2. ကြည်ပြာ
      Nov 28th
      Reply

      ဖတ်လို့ အရမ်းကောင်းတာပဲ….။ ပန်ဆုလို မိန်းကလေး မျိုးနဲ့ သူ့ရဲ့ ချစ်သူ လို၊ အမျိုးသားတွေအများအပြားရှိနိုင်ပေမယ့်….။ ကိုဦးလို အမျိုးသားမျိုးကတော့ တော်တော့ကို ရှားနိုင်ပါတယ်..။

      Like or Dislike: Thumb up 2 Thumb down 0

    3. yin moe htet
      Nov 30th
      Reply

      အရမ်းဖတ်လို့ကောင်းပါတယ်….
      အရေးအသားကောင်းလွန်းလို့ အားကျမိပါရဲ့ …
      ကိုဦးလို အမျိုးသားကိုရတဲ့ မိန်းကလေးက အရမ်းကံကောင်းတယ်နော်…

      Like or Dislike: Thumb up 1 Thumb down 0

    4. summer
      Dec 1st
      Reply

      “အဆိုးရွားဆုံး ဝမ်းနည်းကြေကွဲရမှုဟာလည်း
      အချစ်ကပင် ပေးထားခဲ့ခြင်းဖြစ်သည် ….. ”
      (အဲစာသားကိုကြိုက်တယ်)

      Like or Dislike: Thumb up 1 Thumb down 0

    5. May
      Dec 3rd
      Reply

      Very Romatic …..

      Like or Dislike: Thumb up 0 Thumb down 0

    6. Nice site, nice and easy on the eyes and great content too.

      Like or Dislike: Thumb up 0 Thumb down 0

    7. မိန်းခလေးတွေအနေနှင့်တော့ အိမ်ထောင်တစ်ခုကို အချစ်
      မပါပဲပြုတတ်ကြရင် အဆင်ပြေကြတာများပါတယ်..။
      ဒီဇာတ်လမ်းထဲက အမျိုးသားလိုလူတွေတကယ်ရှိရင်ပေါ့..။
      ယောက်ကျားလေးတွေအတွက်တော့ မလွယ်လောက်ဘုးထင်တယ်….။
      ဘာပဲဖြစ်ဖြစ်ပျော်နေကြရင်ကောင်းတာပါပဲ….၊
      ကိုယ့်ကိုယ်ကိုယ်လိမ်မနေမိဘို့တော့အရေးကြီးပါတယ်…

      Like or Dislike: Thumb up 0 Thumb down 0

  • Leave a Reply

    Let us know what you thought.
    ဤ အကြောင်းအရာနှင့် ပါတ်သက်၍ လူကြီးမင်း၏ သဘောထား အမြင်ကိုလည်း ရေးသားစေလိုပါသည်။

  • Name (required):

    Email (required):

    Website:

    Message: