ရန်ကုန် – August 21, 2010
ယနေ့ ညနေပိုင်းက ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့သည် မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်တွင် ဒယ်လ်တာ ယူနိုက်တက် အသင်းနှင့် ရတနာပုံအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ရတနာပုံအသင်းက ( ၃ ) ဂိုး – ဂိုးမရှိ ဖြင့် အနိုင်ရရှိသွားသည်။
ယနေ့ပွဲစဉ်တွင် ဒယ်လ်တာ ယူနိုက်တက် အသင်းသည် အသင်းနည်းပြချုပ် ဦးအောင်နိုင်၊ နောက်တန်း ကစားသမားများ ဖြစ်သော မျိုးဝင်းထွဋ်နှင့် ဂျိမ်းစ်တို့ ပွဲပယ်ခံထားရသဖြင့် အားနည်းခဲ့သည်ကို တွေ့ရသည်။ ရတနာပုံအသင်းတွင်လည်း အဓိက တိုက်စစ်မှူး ရန်ပိုင် နှင့် ကွင်းလယ်ကစားသမား ပိုင်စိုး တို့ဒဏ်ရာကြောင့် မပါဝင်နိုင်ကြောင်း တွေ့ရသည်။
ရတနာပုံအသင်းမှ ပွဲချိန် ၂၈ မိနစ်နှင့် ၇၁ မိနစ်တို့တွင် အက်ဆေးလ် ကလည်းကောင်း၊ ပွဲချိန် ၄၉ မိနစ်တွင် ထွန်းထွန်းဝင်း ကလည်းကောင်း ဂိုးများ သွင်းယူခဲ့ပြီး ချန်ပီယံ ခြေစွမ်းကို ပြသ၍ (၃) ဂိုးပြတ် အနိုင်ရရှိသွားသည်။
ယနေ့ပွဲ အနိုင်ရလဒ်ကြောင့် ရတနာပုံ အသင်းသည် အမှတ်ပေး ဇယားထိပ်ဆုံးတွင် ဆက်လက်ဦးဆောင် နိုင်ခဲ့ပြီး၊ ဒယ်လ်တာ အသင်းမှာ ရှုံးနိမ့်မှုကြောင့် အဆင့်(၈) နေရာသို့ ရောက်ရှိသွားသည်။
ဧရာဝတီတိုင်း ကိုယ်စားပြု ဒယ်လ်တာ ယူနိုက်တက် ဘောလုံးအသင်းသည် ယမန်နှစ် ဘောလုံးရာသီက ဒုတိယရရှိခဲ့သော အသင်းဖြစ်သော်လည်း ယခုနှစ် ဘောလုံးရာသီတွင်မူ (၁၂)ပွဲကစား၊ (၄)ပွဲနိုင်၊ (၂)ပွဲသရေ၊ (၆)ပွဲရှုံး၊ ရဂိုး(၁၆)ဂိုး၊ ပေးဂိုး(၂၀)၊ ရမှတ် (၁၄)မှတ်ဖြင့် အဆင့် (၈)နေရာ၌ ရပ်တည်နေကာ ရလဒ်များ ဆိုးရွားလျက် ရှိကြောင်း တွေ့ရသည်။
Reporter:ဧရာဝတီသား | PatheinCity News

















