• ရင်ထဲက နေရာလေး တစ်ခု

    ရင်ထဲက နေရာလေး တစ်ခု

    ကမ္ဘာလောကကြီးတွင် အထင်လွဲမှားမှုများဖြင့် အများဆုံး ပတ်သက်နေရသူများမှာ မည်သူများ ဖြစ်ကြပါသနည်း။

    နားလည်လွဲမှားမှုများနှင့် အများဆုံး ရင်ဆိုင်နေရသူများမှာ မည်သူများ ဖြစ်ကြပါသနည်း။

    အနာကျင်ဆုံးစကားများ ပြောဆိုကာ မကြာခဏရန်ဖြစ်နေရခြင်းကို ကြုံတွေ့နေရသူများမှာ မည်သူများဖြစ်ကြပါသနည်း။

    တစ်ယောက်နှင့် တစ်ယောက် မယုံကြည်ဆုံးသူများမှာ မည်သူများဖြစ်ကြပါသနည်း။

    တစ်ယောက်နှင့် တစ်ယောက် အချစ်ဆုံးသူများမှာ မည်သူများ ဖြစ်ကြပါသနည်း။ တစ်ယောက်နှင့် တစ်ယောက် ဂရုအစိုက်ဆုံးသူများမှာ မည်သူမျာ ဖြစ်ကြပါသနည်း။

    တစ်ယောက်နှင့်  တစ်ယောက် စိုးရိမ်ပူပန်မှု အများဆုံးသူများမှာ မည်သူများ ဖြစ်ကြပါသနည်း။

    တစ်ယောက်နှင့် တစ်ယောက်ကြားတွင် ဒေါသ၊ မောဟ၊ အာဃာတ၊ အတ္တနှင့် မာန အများဆုံးထားနေကြ သူများမှာ မည်သူတွေများ ဖြစ်ကြပါသနည်း။

    အထက်ပါ မေးခွန်းပေါင်းများစွာဖြင့် ချာချာလည်နေသည့် ကျွန်မတစ်ယောက် စဉ်းစားမိသော ဖြစ်စဉ်များအပြင် ကိုယ်တွေ့ကြုံသည့် အဖြစ်အပျက်များ စုပေါင်း၍ ရလာသော အဖြေကို ကျွန်မကိုယ်ကျွန်မ မယုံကြည်နိုင်စွာပင် ခေါင်းယမ်းစွာ သက်ပြင်းအခါခါ ချမိသည်အထိကို အံ့သြမိနေခဲ့ပါသည်။ …. စဉ်းစားကြည့်ကြပါ အထက်ပါ မေးခွန်းများစွာ၏ တစ်ခုတည်းသော အဖြေမှာ  “မိဘ ညီအစ်ကို မောင်နှမ မိသားစုဝင်များ” ဆိုသည်မှာ ဖြစ်သင့်ပါသလား။

    XDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDX

    လွင်မာသူ

    ဘစ်ကားဂိတ်ကို လှမ်းနေတဲ့ လွင်မာ့ခြေလှမ်းတွေကို ခြေလျှင်သာလျှောက်ပြန်ဖို့ရာ နောက်ကြောင်း ပြန်လှည့်စေတဲ့ တစ်ခုတည်းသော အကြောင်းပြချက်ဟာ ဘတ်စ်စကားစီးပြီး အိမ်ပြန်တဲ့ ကားခ ငါးရာဟာ တစ်အိမ်သားလုံးရဲ့ နံနက်စောစောစာ ဖြစ်စေနိုင်တာကြောင့် တစ်နေကုန်အလုပ်လုပ်ပြီး ခြေလှမ်းမလှမ်းချင်တော့အောင် ပင်ပန်းနေပါစေ၊ အိမ်ပြန်ချိန် မည်မျှပင် နောက်ကျနေပါစေ၊ ခြေလျှင်သာ လမ်းလျှောက် ပြန်ဖြစ်နေတဲ့ ရက်တွေက တစ်လမှာ ရက်၃၀လုံးလုံးပါပဲ။

    ဒီနေ့လည်း လွင်မာ အိမ်အပြန် နောက်ကျ ခဲ့ပါတယ်၊ အိမ်ပေါ်ကို လှမ်းတက်လိုက်တယ် ဆိုရင်ပဲ “မင်းသမီး မင်းပဲပြော ငါပြောရရင်တော့ မကောင်းဘူး” ဆိုတဲ့ အဖေ့အော်သံကို လွင်မာ တစ်စွန်းတစ်စကြားလိုက်ရပါတယ်။ အိမ်ပေါ်ရောက်လို့ အမေ့မျက်နှာကို လွင်မာ လှမ်းကြည့်လိုက်တော့ မသာယာတာ တွေ့လိုက်ရပါတယ်။ လွင်မာ တော်တော်လေး စိတ်ညစ် သွားခဲ့ပါတယ် တစ်နေကုန်စက်ရုံမှာ ပင်ပန်းလာသမျှ အိမ်ရောက်မှ အတိုးချနားမယ်ဆိုတဲ့ စိတ်ကလေးပါ ပျက်စီးသွားခဲ့ရပါပြီ။
    ညစာထမင်းပါ စားချင်စိတ် မရှိတော့တာကြောင့် အိပ်ခန်းထဲကို ၀င်ပြီးအ၀တ်အစားလဲရန် လှည့်အထွက်

    “နေပါဦး မဖြစ်စလောက် လခလေး နင့်အမေလက်ထဲထည့် တစ်အိမ်လုံးကို နင် ရှာကျွေးနေရတယ် ဆိုပြီး မဏ္ဍပ်တိုင် တက်ပြနေရအောင် နင့်အဖေ ငါ့သိက္ခာကို နင် လိုက်ချ နေတာလား”

    အဖေ့အသံကြောင့် လွင်မာ့ခြေလှမ်းတွေ ရပ်တန့်သွားခဲ့ရပြီး

    “လွင်မာဘာပြောလို့လည်း အဖေ”

    “နင်ဘာပြောခဲ့လည်း နင့်ကိုယ်နင်မသိဘူးလား၊ နင်ပြောပြောနေတဲ့ ငါ့ကိုသိက္ခာချတဲ့ စကားတွေ့ ကို ငါ တေးမှတ်ထားတာတွေ တော်တော်များနေပြီ သိလား၊ ငါနင့်အဖေ ဆိုတာတော့ နင်သိပါသေးတယ်နော်”

    “လွင်မာ ဘာတွေများ ပြောမိလို့လည်း အဖေပြောလေ”

    “တစ်အိမ်လုံးကို နင်ကပဲရှာကျွေးထားသလို နင်လိုက်လိုက် ပြောနေတာလေ”

    “ဘယ်တုန်းကလည်းအဖေရာ အဖေကရော ဘယ်တုန်းကဘာတွေ ကြားပြန်ပြီလည်း”

    “နင်င့ါကို ဒီလိုလေသံနဲ့လာမပြောနဲ့ နင်မပြောပဲ နင့်အစ်ကိုက ဘာမှပိုပြောစရာ အကြောင်းမရှိဘူး”

    အဖေ့စကားကို ကြားတာနဲ့ ကိုကို့ကို လွင်မာလှမ်းကြည့်လိုက်ပါတယ် စပ်ဖြဲဖြဲမျက်နှာက တစ်ဖက်ကို လှည့်သွားခဲ့တာကြောင့် လွင်မာ နားလည်လိုက်ပါပြီ နံနက်စောစောက အလုပ်သွားခါနီး အလုပ်က ဖယ်ရီကို စောင့်တဲ့ မှတ်တိုင်မှာ ကိုကို့သူငယ်ချင်းက ကိုကို့ကိုယောက်ဖလို့ခေါ်တော့ ကိုကိုက

    “ငါ့ညီမလိုချင်ရင်တော့ မင်းအိမ်ကို ခေါ်သွားမှရမှာ ငါတို့အိမ်ပေါ်တော့ မင်းတက်မလာနဲ့” လို့ နောက်ပြောင်နေတာကို ကြားတဲ့ လွင်မာက

    “ကိုကိုနော် လွင်မာကို ပေးလိုက်ရင် ကိုကို့ကို ရှာကျွေးမယ့်သူ ဘယ်သူမှ ရှိမှာမဟုတ်တော့ဘူး”

    လို့ပြန်နောက်ခဲ့တာကို ကိုကိုဘက်က ဘယ်လို အဓိပ္ပာယ်စကားမျိုးနဲ့ အဖေ့ဆီ ပြန်ပို့ခဲ့ပါသလည်း။ လွင်မာ အဖေ့ကို ပြန်ပြောချင်စိတ် မရှိတော့တာကြောင့် အိပ်ခန်းထဲကို တန်းဝင်လိုက်ပါတယ်၊ လွင်မာ ပြန်ပြောနေလျှင်လည်း အဖေဒေါသက အမေ့အပေါ်ပါ ကူးစက်သက်ရောက်တော့မှာ လွင်မာ သိနေတာကြောင့် လွင်မာ ပြန်မပြောရန် ဆုံးဖြတ်လိုက်တာပါ။

    “ ဒီအိမ်မှာ နင်မရှိလို့ မဖြစ်ဘူးလို့ နင့်ကိုယ်နင် ထင်နေရင် ခုချက်ချင်း ငါ့အိမ်ပေါ်က နင်ဆင်းသွားလိုက်၊ ဒီမှာ မိလွင်မာ ငါရှာကျွေးလည်းအိမ်ကလူတွေ ဘယ်သူမှ ထမင်းမငတ်ဘူး”

    အိပ်ခန်းထဲကလွင်မာ တစ်ယောက် ပြုံးရုံလေးသာ ပြုံးမိလိုက်ပါတယ်။ ခြောက်လတစ်ကြိမ် ပေးရတဲ့ အဖေ့အိမ်ရဲ့ အိမ်လခဟာ အကြိမ်တိုင်း လွင်မာသာပေးခဲ့တယ် ဆိုတာ အဖေမေ့လျှောနေပြီ ထင်ပါရဲ့၊ တစ်ရက် နှစ်ထောင်ကုန်ကျတဲ့ အဖေ့အိမ်ရဲ့ စားစရိတ်ဟာလည်း နေ့စဉ်နေ့တိုင်း လွင်မာကသာလျှင် အမေ့ကို ပေးခဲ့တယ်ဆိုတာ အဖေအမှတ်မရတော့ဘူး ထင်ပါရဲ့၊ လွင်မာ့အောက်က အလုပ်အကိုင်မရှိတဲ့ မောင်လေးရဲ့ နေ့စဉ်မုန့်ဖိုးနဲ့ လမ်းသလားတဲ့ သွားစရိတ် လာစရိတ်တွေဟာလည်း လွင်မာသာလျှင် ပေးခဲ့ရတယ်ဆိုတာ အဖေမမြင်ချင်ယောင် ဆောင်နေတယ် ထင်ပါရဲ့၊ အိမ်က ကျောင်းတက်နေတဲ့ အငယ်ဆုံး ညီမလေးရဲ့ သုံးရက်တစ်ခါ တစ်ထောင်ပေးရတဲ့ မုန့်ဖိုး၊ နှစ်စဉ်ကျောင်းလခနဲ့ လစဉ်ကုန်ကျတဲ့ စာအုပ်ဖိုးတွေလည်း လွင်မာသာလျှင် ကုန်ကျခဲ့တယ်ဆိုတာ အဖေ သတိမရတော့ဘူး ထင်ပါရဲ့၊ အလုပ်လက်မဲ့ နေ့စဉ်နေ့တိုင်း အရက်သောက်တဲ့ ကိုကို့ အရက်ဖိုးတွေလည်း လွင်မာ့ ကုန်ကျစရိတ်ကသာလျှင် ကုန်ကျခဲ့တယ်ဆိုတာ အဖေ မသိချင်ယောင် ဆောင်နေခဲ့တာ များလား၊ လွင်မာ မတွေးချင်တော့ပါဘူးလေ၊ အဓိကက လွင်မာ အမေ့ကိုချစ်တယ် ညီမလေးမောင်လေးနဲ့ ကိုကို့ကိုလည်း သံယောဇဉ်ရှိတယ် အဖေ့ကိုလည်း လွင်မာ အနေဝေးပေမဲ့ ချစ်ခဲ့တာပဲလေ၊ ဒီတော့ ပြောချင်သလိုသာ ပြောပါစေတော့လို့ တွေးပြီး ညစာမစားတော့ကာ အိပ်ရာထဲဇွတ်မှိတ် အိပ်နေလိုက်တယ်။

    “ထစမ်း ဆင်းသွားလို့ ငါပြောနေးတာ နင်မကြားဘူးလား ဆင်းသွား မိဘနဲ့မျာ လာပြီး ခွာရာတိုင်းနေရသေးတယ် နင့်ကိုငါမွေးထားတာ ငါ့ကို မလောက်လေး မလောက်စား လာလုပ် နေရသေးတယ်၊ ငါကပြတ်တယ်ဆိုပြတ်တယ်ပဲ နင်ခုချက်ချင်း ငါ့အိမ်ပေါ်ကဆင်း”

    အိပ်ရာထဲကနေ ဆွဲထုတ်ခံလိုက်ရတဲ့ လွင်မာ ရုတ်တရက် ကြောင်ငေးသွားမိတယ်၊ နောက်တော့လည်း အဖေက ငါ့ကိုမှချစ်ရဲ့လားဆိုတဲ့ အတွေး အဖေက သူ့သားတွေပဲ ချစ်တယ်ဆိုတဲ့ အတွေး ရုတ်တရက် ၀င်လာခိုက်မှာ  လွင်မာ့မျက်နှာထားက အလိုလို တင်းမာသွားခဲ့ကာ လွင်မာလွယ်နေကျ အိပ်ကလေးဆွဲလို့ အိမ်ပေါ်က ဆင်းမိရက်သား ဖြစ်သွားပါတယ်။ အဖေပြောခဲ့တဲ့ စကားတွေထက် လွင်မာ့ရင်မှာ နာနာကျင်ကျင်လေး တွေးလိုက်တာ သမီးမိန်းကလေးမွေးထားတဲ့ အဖေတစ်ယောက် ည၁၀နာရီဆိုတဲ့ အချိန်မှာ အိမ်ပေါ်က အဖေနှင်ချခဲ့တဲ့ အဖေ့သမီး ဘယ်နေရာကို သွားရမယ်ဆိုတာ အဖေမှ စဉ်းစားမိရဲ့လားဆိုတာပါ။

    XDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDX

    ဦးအောင်မြင့်ရှိန်

    သားတစ်ယောက် သမီးတစ်ယောက်သာ မွေးထားတဲ့ ငါ့မှာတော့ တစ်ဦးတည်းသောသား အောင်ဟိန်း အပေါ်ကို မိသားစုတစ်ခုလုံးရဲ့ မျှော်လင့်ချက်တွေအားလုံး ပုံအောခဲ့ပါကောလား။ ဒင်းကတော့ တစ်နှစ်တစ်တန်း မှန်မှန်အောင်နိုင်တဲ့ တက္ကသိုလ်မှာတောင် နှစ်နှစ်တစ်တန်းတက်လို့ သူ့ညီမ ဥပဒေ အဓိကနဲ့ ဘွဲ့ရပြီး ချိန်ဘာဆင်းနေတာတောင် ရူပဗေဒကို နောက်ဆုံးနှစ်မရောက်သေး၊ ကျောင်းဆက်ထားဖို့ မဖြစ်နိုင်တာကြောင့် ငါ့လို သဘောင်္သားအဖြစ် အသက်မွေးနိုင်လို မွေးနိုင်ငြား ပိုက်ဆံတွေအများကြီး အကုန်ခံပြီး သဘောင်္ပေါ်တင်လိုက်ပါတယ် လူကြားလို့မှမကောင်း တစ်လနဲ့ အိမ်လွမ်းလို့ ပြန်လာသတဲ့ ယောက်ျားမဟုတ်တဲ့အတိုင်း ပျော့ညံ့လိုက်တာ လွန်ပါရော၊ သဘောင်္ပေါ်ကဆင်းလာတော့လည်း ကျောင်းပြီးအောင် ဆက်တက်ပါတော့ဆိုပြီး ကျောင်းပြန်တက်ခိုင်းတယ် ဒဂုံတက္ကသိုလ်ကို နေပူထဲ မသွားနိုင်လို့တဲ့ ကျောင်းမှန်မှန် မတက်တဲ့အပြင် နောက်ဆုံးနှစ် စာမေးပွဲက ကွန်ပျူတာဂိမ်း ဒိုတာ ပြိုင်ပွဲနဲ့တိုက်နေလို့ သွားမဖြေဘူးတဲ့ ကောင်းရောပဲ။

    အဖေဖြစ်တဲ့ ငါပြောတော့ သူ့အမေက ဒင်းရှေ့က ကာဆီးကာဆီး ငါ့မှာတော့ ဒီမိသားစုကို သဘောင်္သားဘ၀နဲ့ ရုန်းကန်ရှာဖွေကျွေး အသက်ရလာလို့ သဘောင်္ပေါ်က ဆင်းလာတော့လည်း တစ်နေကုန် နေပူမိုးရွာ အငှားကားမောင်းလို့ ရှာဖွေကျွေးခဲ့တာ ဒင်းအမေကလည်း အိမ်အလုပ်တွေအပြင် ရုံးတစ်ရုံးမှာ အလုပ်လုပ်ပြီး အိမ်စရိတ်ကာမိအောင် ရှာဖွေပါရဲ့ ဒင်းကတော့ မိဘကိုနည်းနည်းလေးမှမသိတတ်ဘူး၊ ငါမပြောချင်လို့မပြောပဲနေလာတာ ဒီနေ့မနက်ကတော့ တော်တော်လေး ပေါက်ကွဲသွားခဲ့တယ်၊ ငါသဘောင်္လိုက်တုန်းက စုထားတဲ့ဒေါ်လာလေးတွေ ဒင်းအမေ မဆွေကို ငါအပ်ထားတယ် ဒီနေ့ကားက ဒူးဆစ်တွေလဲရမှာမို့ မဆွေဆီက ဒေါ်လာလေးတွေ ရောင်းဖို့တောင်းမိတော့ တော်တော်လေးလျှော့နေတာမို့ စာရင်းစစ်လိုက်မှ ဒင်းကွန်ပျူတာသင်တန်း တက်ဖို့ သင်တန်းကြေးပေးမယ်ဆိုပြီး ဒင်းအမေဆီက တောင်းသွားတယ် ဆိုပါလား။ တက်တာလည်း မတွေ့ တစ်လမ်းကျော်က ဂိမ်းဆိုင်ပဲရောက်နေတာ စောစောစီးစီး ကားမမောင်းခင် ဒေါသမထွက်ချင်လို့ နံနက်စာတောင် မစားတော့ပဲ အပြင်ထွက်ဖို့ တံခါးအဖွင့်မှာ ဒင်းကိုမြင်လိုက်ရတဲ့ အခြေအနေကြောင့် စိတ်ဘယ်လိုမှ မထိန်းနိုင်တော့ဘူး။ ညကအပြန်နောက်ကျတာလား ပြန်ကိုမပြန်လာတာကြောင့်လား တစ်ခုခုပဲ  ဒင်းအမေ တံခါးပိတ်ထားတာကြောင့် လှေကားရင်းမှာ ခွေခွေကလေးအိပ်နေတာ၊ ငါဆွဲဆောင့်နှိုး အိမ်ထဲဆွဲသွင်းတော့ “ ဟာ အဖေ နာတယ်ဗျာ့” လို့ ပြောထွက် သေးတယ်။

    “ဟေ့ကောင် မင်းမနေ့ညက ဘယ်အချိန်အိမ်ပြန်လည်း”

    “မသိဘူး အဖေရာ နောက်တော့ကျတယ် တံခါးခေါ်ရင် အမေနိုးသွားမှာစိုးလို့ အမေ့ကိုသနားလို့ မခေါ်တော့တာ”

    ဒင်းအမေကို သနားတာကိုပဲ ငါတို့က ကျေးဇူးတင်ရဦးမယ်

    “ မင်း မင်းအမေဆီက ဒေါ်လာတွေ တောင်းသွားတယ်ဆို ဘယ်ရောက်ကုန်လည်း”

    “ အဖေကို အမေပြောတယ် မဟုတ်လား ကျွန်တော် သင်တန်းကြေး သွင်းလိုက်ပြီလေ”

    “ဘယ်သင်တန်းကိုမှ မင်းတက်တာ ငါမမြင်ဘူး မင်းတက်လည်းအပိုပဲ ဘာမှလည်း ဖြစ်မြောက်လာမှာမှ မဟုတ်တာ”

    ငါပြောနေတုန်း ၀ရံတာကနေ ခေါင်းလောင်းကြိုးဆွဲသံ ကြားလိုက်တာနဲ့ သွားအကြည့် အောက်ကအသံက

    “အောင်ဟိန်းရှိလား”

    “ဘာကိစ္စလည်းဟေ့”

    “သူကျွန်တော့်ဆီက ဖဲရှုံးလို့ ယူထားတဲ့ ပိုက်ဆံလာတောင်းတာ ကျွန်တော်လည်း ငွေပြတ်နေလို့ပါ”

    “ ဟေ ဘယ်လောက်တောင်မှလည်းကွ”

    “ သုံးသိန်းပါ” ကြားလိုက်ရတဲ့ စကားကြောင့် ဒေါသက မီးတောက်သွားတယ်

    ” ဟေ့ကောင် မင်းဘာတွေလုပ်နေလည်း ငါ့ကို မှန်မှန်ပြောစမ်း”

    “ဘာမှမလုပ်ဘူးအဖေ ကျွန်တော် ပိုက်ဆံကြေး ဂိမ်းကစားတာပဲရှိတာပါ

    “အဲ့ဒါလည်းလောင်းကစားပဲမဟုတ်လား

    “မဟုတ်ပါဘူး အဖေရဲ့ တစ်သင်းနဲ့တစ်သင်းပြိုင်ပြီး ဂိမ်းကစားတာပါ နိုင်တဲ့သူကဆုကြေးငွေရတယ်”

    “နေစမ်းပါဦး မင်းကတစ်သက်လုံး ဂိမ်းကစားပြီး စီးပွားရှာမလို့လား မိန်းမယူတော့လည်း မိန်းမကို ဂိမ်းကစားပြီးရှာဖွေကျွေးမယ်ပေါ့”

    “ဖွ ဘယ်ကလာ မိန်းမယူရမှာလည်း အဖေရာ ကျွန်တော့်ဘာသာတောင် သုံးမလောက်တာ မိန်းမယူရင် ပိုဆိုးမှာပေါ့”

    “ဟေ တော်တော့ မင်းမမှားဘူး ငါပဲမှားတာ ဒီမယ်မဆွေ မင်းသားကို ဒီနေ့ကစပြီး ပိုက်ဆံတပြားမှမပေးရဘူး မုန်းဖိုး ဘာဖိုး ဘာမှကိုမပေးရဘူးနော်၊ မင်းကတော့ ငါကအဖေဆိုတော့ ကျွေးရမယ့်တာဝန်ရှိတယ် ဒီတော့ တစ်နေ့သုံးနပ်တော့ အိမ်မှာမင်းအမေချက်သမျှ ဂျီးမများပဲစား ကျန်တာတော့ မင်းဘာမှကိုမရတော့ဘူး
    ပိုက်ဆံသုံးချင်ရင် မင်းဘာသာ အလုပ်လုပ် ”

    “ ဟာအဖေကလည်း ကျွန်တော်ဘာမှမှမလုပ်နိုင်တာ အဖေလည်းသိနေတာပဲ ကွန်ပျူတာသင်တန်း တက်မယ်ဆိုတော့လည်း အဖေတို့က သင်တန်းကြေးကောင်းကောင်းမပေးချင်ဘူး ကျွန်တော့် ဘ၀အတွက် အရင်းအနှီအနေနဲ့တောင် ဘာမှမလုပ်ပေးချင်ဘူး ပြီးတော့မှ အဖေတို့က ကျွန်တော်အသုံးကိုမကျဘူးလေး ဘာလေးနဲ့ ကျွန်တော့်ကို အပြစ်ပြောနေကြသေးတယ်”

    ဒီမယ် ဟေ့ကောင် မင်းဘာမှဆက်ပြောမနေနဲ့တော့ မင်းစကားငါဘာမှကို မကြားချင်တော့ဘူး မင်းငါ့အိမ်မှာပဲဆက်နေချင်သေးတယ်ဆိုရင် ညဆို ၁၁မထိုးခင်ပြန်လာ မလာရင်မင်းအိမ်ပေါ်ကဆင်းပိုက်ဆံလည်း မပေးဘူး မင်းဘာသာမင်း ဂိမ်းဆော့ပြီးပဲ ရှာရှာ လောင်းကစားလုပ်ပြီးပဲ
    ရှာရှာ ငါနဲ့မဆိုင်ဘူး မင်းညီမဆို ရှေ့နေဖြစ်တော့မယ် အနည်းဆုံးတော့ ငါ့သမီးကရှေ့နေဆိုပြီး ပြောပြလို့ရသေးတယ် မင်းကိုတော့ ဂိမ်းပြိုင်ပွဲမှာပထမလို့ ပြောရအောင်ကလည်း မင်း အသက်အရွယ်နဲ့ မင်းမို့မရှက်ဘူးကွာ”

    ပြောပြောဆိုဆို ကားသော့ဆွဲယူပြီး ငါအိမ်ပေါ်ကဆင်းချလာခဲ့တယ်။ သားသမီးမကောင်းတော့ မိဘခေါင်းတဲ့ ငါပင်လယ်ထဲ အလုပ်လုပ်နေချိန်တွေမှာ ဒင်းတစ်ယောက် ဖခင်ဆိုဆုံးမမှုနဲ့ ဝေးခဲ့တာကြောင့်လား၊ ငါကိုယ်တိုင်ကပဲ အလုပ်လုပ်ပြီး မိသားစု ကောင်းကောင်းမွန်မွန် နေနိုင်ဖို့ပဲ တွေးမိတာကြောင့် ဒင်းကို ဆိုဆုံးမဖို့ မေ့နေခဲ့တာကြောင့်လား ဘာပဲဖြစ်ဖြစ်ပါလေ ငါ တစ်ကယ် စိတ်နာနာနဲ့ တွေးမိနေတာကတော့ ငါတို့မိဘနှစ်ပါးမရှိတော့ရင် ဒင်းတစ်ကောင် ဘယ်လိုဘ၀နဲ့များ ကျန်ခဲ့မှာပါလိမ့်ဆိုတာ။

    XDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDX

    သွယ်သွယ်အောင်

    “မိသွယ် လာခဲ့စမ်း”

    ကြားလိုက်ရတဲ့ အသံကြောင့် သွယ်တုန်တက်သွားပါတယ် သွယ်လေးလို့ ခေါ်နေကျ မေမေက သွယ့်ကို စိတ်ဆိုးရင် မိသွယ်လို့ ခေါ်တတ်တာကြောင့် မေမေစိတ်ဆိုးနေကြောင်း သွယ်သိလိုက်ပါတယ်။

    “ရှင်မေမေ”လို့ မြန်မြန်ထူးပြီး မေမေရှေ့ကို သွယ်ရောက်သွားတော့ တင်းမာခက်ထန်နေတဲ့ မေမေ့မျက်နှာကြောင့် သွယ်ယို့ယို့လေး ရပ်နေမိကာ မေမေ ဘာများဆူတော့မှာပါလိမ့် ရယ်လို့ စိုးရိမ်မိပါတယ်။

    “ မိသွယ် မနေ့ကညနေက ကျူရှင်ပြီးပြီးခြင်း ဘယ်ကိုသွားတာလည်း ဘယ်သူနဲ့သွားတာလည်း ငါ့ကိုမှန်မှန်ပြောစမ်း”

    သွားပါပြီ သွယ်သိလိုက်ပါပြီ မနေ့ကညနေ ကျူရှင်ဆင်းတော့ သူငယ်ချင်းတွေ အားလုံးဝိုင်းခေါ်တာကြောင့် သွယ် သူငယ်ချင်းတွေနှင့် အအေးဆိုင်သွားထိုင်ဖြစ်တာကို မေမေသိသွားခဲ့ပြီ။ သွယ်တို့က လူချမ်းသာစာရင်းတော့ မ၀င်ပေမဲ့ ကိုယ့်အိမ်ကိုယ့်ခြံနဲ့တော့နေနိုင်တဲ့ စာရင်းမှာပါဝင်ပါတယ်၊ ဖေဖေမရှိတော့တဲ့နောက် နောက်အိမ်ထောင်မပြုပဲ မေမေတစ်ယောက်တည်းက လက်ရှိအခြေအနေလေး မပျောက်ပျက်အောင် ထိန်းသိမ်းလို့ သွယ့်ကို ပြုစုကျွေးမွေးလာခဲ့တာပါ မေမေ့ကိုသွယ်အရမ်းချစ်သလို မေမေကလည်းသွယ့်ကို အရမ်းချစ်ခဲ့ပါတယ်။ ဒါပေမဲ့ သွယ့်မေမေ တစ်ယောက်က ပတ်ဝန်းကျင်ရဲ့ အပြောအဆိုကို အရမ်းကာရော ဂရုစိုက်တတ်လွန်းတာကြောင့် အဲ့ဒီပတ်ဝန်းကျင်ကြောင့်ပဲ သွယ်နဲ့မေမေ မကြာခဏ စကားများရန်ဖြစ်ကြရပါတယ်၊ ခုလည်း စည်းကမ်းထန်းသိမ်းတတ်ပြီး ပတ်ဝန်းကျင်ပြောတာ ယုံကြည်တတ်တဲ့ မေမေတစ်ယောက် သွယ် သွယ့်သူငယ်ချင်းတွေနဲ့ အအေးဆိုင်ထိုင်တာကို သိသွားတာကြောင့် အပြောဆို ခံရပါတော့မယ်။

    “မဟုတ်ပါဘူး မေမေ မနေ့ညနေက ၀တ်ရည်တို့တွေ ကခေါ်လို့ သူတို့တွေနဲ့ အအေးဆိုင်လိုက်ထိုင်မိတာပါ”

    “ညည်းငါ့ကိုမညာနဲ့နော် မိသွယ် ညည်းဘေးကထိုင်နေတဲ့ ကောင်က ၀တ်ရည်လို့ခေါ်လို့လား”

    “ မေမေကလည်း ၀တ်ရည် တစ်ယောက်တည်းပါတာမှ မဟုတ်တာ နေလင်းတို့ အောင်နိုင်မြင့်တို့လည်း ပါတယ်လေ သူတို့ကို မေမေလည်းသိနေတာပဲ”

    “ မဟုတ်သေးပါဘူးအေ ငါ့ကိုလာပြောတဲ့သူ ပြောတဲ့ ပုံစံက သူတို့ပုံစံမှမဟုတ်တာ”

    “မေမေ့ ပြောတဲ့သူတွေက မြင်တာထက် ပိုပိုသာသာ ပြောတတ်ကြတာလေ သူတို့ပြောတိုင်းသာ မေမေယုံရရင် သွယ်လည်း ယောက်ျားဘယ်နှစ်ယောက်နဲ့ မရိုးမသား ပတ်သက်နေရမယ်မှန်းတောင် သွယ်မမှတ်မိနိုင်တော့ဘူး”

    “မိသွယ် ညည်းဒီလို နုတ်သီးကောင်းလျှာပါး ပြန်ပြောလိုက်ရလို့ ညည်းကိုယ်ညည်း ဂုဏ်ယူနေတယ်ပေါ့ ဟုတ်လား ပတ်ဝန်းကျင်က ပြောတယ်ဆိုတာ ပြောခံရအောင်နေမှ ပြောကြတာပါ ညည်းကြားဖူးတယ်မဟုတ်လား လေမရှိပဲ လှိုင်းမထဘူးဆိုတာလေ ငါ့ရဲ့ အရာရာကင်းရှင်းခဲ့တဲ့ မုဆိုးမဂုဏ်လေး ညည်းလုပ်မှ အမည်းစက် ထင်ခံနေရဦးမယ်”

    “သွယ်ဘာလုပ်လို့လည်း မေမေရာ သူငယ်ချင်းတွေနဲ့ အအေးဆိုင်ထိုင်မိတာလေးပါ မေမေ့ ဂုဏ်သိကာကျဆင်းအောင် သွယ်ဘာတစ်ခုမှမလုပ်ခဲ့ရပါဘူး တက္ကသိုလ်နောက်ဆုံးနှစ် ကျောင်းသူတစ်ယောက်က သူငယ်ချင်းတွေနဲ့ အအေးဆိုင်ထိုင်တာ ဂုဏ်သိကာကျဆင်းစရာလို့ သွယ်မထင်ဘူးမေမေ”

    မလုပ်ခဲ့ရပါဘူးဆိုတော့ နောက်လုပ်မယ်ဆိုပါတော့ အဲ့ဒီ အအေးဆိုင်ထိုင်တာကိုပဲ ပြောတာဟဲ့ ယောက်ျားလေးတွေ ပါနေတာကို အစအဆုံး ညည်း လိုက်မထိုင်တော့ ဘာဖြစ်သေးလည်း ခုတော့ ညည်းလိုက်ထိုင်မိလို့ အပြောခံရပြီလေ ညနေစောင်းကိုလိုက်ထိုင်တော့ ညည်းကို XXXXX မလို့ ပြောမသွားတာကိုပဲ ငါကကျေးဇူးတင်ရဦးမှာ”

    “မေမေ”

    သွယ်အလန့်တစ်ကြားအော်မိပါတယ်။ ပြောရက်လေခြင်း အထင်သေးရက်လေခြင်း မေမေရယ်၊ သွယ်က မေမေ့သမီးလေ မေမေ့သမီးတစ်ယောက်ရဲ့ အကျင့်စာရိတ္တ ကိုယ်ကျင့်တရား ဘယ်လိုရှိလည်းဆိုတာ မေမေတစ်ယောက် တစ်ကယ် မသိနားမလည်ခဲ့တာလား၊ ဒါမှမဟုတ် မေမေက ကိုယ့်သမီးထက် မေမေ ပတ်ဝန်းကျင်လို့ သတ်မှတ်ထားတဲ့ သူတစ်စိမ်းတွေကို ပိုလို့ ယုံကြည်နေခဲ့တာပါလား၊ မေမေရယ် သားအမိ နှစ်ယောက်ထဲသာရှိတဲ့ ဒီမိသားစုလေးမှာ မေမေနဲ့သမီး တိုးတိုးဖော် တိုင်ပင်ဖက်ဖြစ်ဖို့ ဘယ်လောက်အထိ မျှော်လင့်ခဲ့ရပါသလည်း ဒီလို သူတစ်စိမ်းတွေရဲ့ စကားကို ယုံကြည်ဂရုစိုက်တတ်လွန်းတဲ့ မေမေ့ကို သမီးဘယ်လို အမှန်တရားတွေကို ပြောပြတိုင်ပင်ရဲနိုင်မှာလည်း၊ ပတ်ဝန်းကျင်နဲ့ တိုက်ရိုက်ပတ်သက် ဆက်နွယ်နေတတ်တဲ့ မေမေကို မေမေမို့လို့ ကိုယ့်သမီးကိုယ် မယုံကြည်ရက်လေခြင်း မေမေမို့လို့ ကိုယ့်သမီးကိုယ် အထင်သေးရက်လေခြင်းရယ်လို့ သွယ်ဘယ်လို ပြောထွက်ရက်မှာလည်း။ မေမေရဲ့ အထင်အမြင် လွဲမှားမှုတွေကိုလည်း သွယ်မခံစားနိုင်ခဲ့တာ၊ မေမေရဲ့ အထင်မြင်သေးတဲ့ မျက်လုံးတွေကိုလည်း သွယ် ရင်မဆိုင်နိုင်ရဲခဲ့တာ၊ သွယ်ပျော့ညံ့လို့တော့ မဟုတ်ရပါဘူးမေမေ သွယ်မေမေ့ကို အရမ်းချစ်လို့ပါ သွယ်မေမေ့ကို အရမ်းအလေးထားလွန်းလို့ပါ။ ဒါပေမဲ့ မေမေရေ သွယ်လေ မျက်ရည်တွေတွေ ကျလို့ေ၀၀ါးနေတဲ့ မျက်လုံးအစုံနဲ့ မေမေကို ဝေ့ကြည့်မိတော့ မေမေရဲ့ ဒေါသမျက်ဝန်းတွေက သွယ့်ဘယ်ဘက်ရင်ခွင်ကို နာကျည်းခါးသက်စေတာ မေမေတစ်ယောက်သိနိုင်ပါစေ။

    XDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDX

    ဒေါ်သီသီစန်း

    ကျွန်မယောက်ျားဆုံးတော့ ကျွန်မအသက်၃၈နှစ် သာရှိသေးသည်။ နောက်အိမ်ထောင်ပြုင်ချင်လျှင် ရပေမဲ့ သားသုံးယောက် မွေးထားတာကြောင့် အားဖြစ်နေသည်ဟု တွေးကာနောက်အိမ်ထောင်မပြုခဲ့ ကျွန်မ ရှိရှိသမျှလေးတွေ ထုခွဲလို့ အိမ်ဆိုင်လေး တစ်ဆိုင်တည်၊ ရပ်ကွက်ထဲမှာ နေပြန်တိုးလေးချကာ သားသုံးယောက်ကို ကျောင်းထားခဲ့သည်။ သားသုံးယောက်ရှိသည့် အနက် အကြီးကောင်က ဆယ်တန်းအောင်ပြီးသည်နှင့် တစ်ပြိုင်တည်း အမေပင်ပန်းပါသည်ဆိုသည့် အကြောင်းပြချက်ဖြင့် အချိန်ပိုင်း အလုပ်တစ်ဖက်လုပ်ကာ အဝေးသင်တက္ကသိုလ်ကိုသာ ဆက်တက်သည်မှာ ဒီနှစ်ဆိုလျှင် နောက်ဆုံးနှစ် စာမေးပွဲကို ဖြေဆိုပြီးခဲ့ပါပြီ။  အငယ်ကောင်သည်လည်း ဒီနှစ်ဆယ်တန်း စာမေးပွဲတွင် လေးဘာသာဂုဏ်ထူးဖြင့် အောင်မြင်ခဲ့တာကြောင့် နည်းပညာတက္ကသိုလ်ကို အဆင်ပြေစွာ တက်ရောက်နိုင်တော့မှာပါ။ ကျွန်မ စိတ်ကို ပူပန်စေတာကတော့ အလတ်ကောင် နိုင်လင်း တစ်ယောက်သာပါ လွန်ခဲ့သော တစ်နှစ်ခန့်က ကျွန်မနှင့် ကတောက်ကဆဖြစ်ကာ အိမ်ပေါ်မှဆင်းသွားခဲ့သည်မှာ ယနေ့ထိတိုင် ဘယ်နေရာ ဘယ်ဒေသကို ရောက်ရှိနေသည် ကျွန်မ မသိခဲ့ပါ။ ကတောက်ကဆ ဖြစ်သည့်နေ့ကလည်း နိုင်လင်းတစ်ယောက် ဆယ်တန်းကို နှစ်နှစ်ဆက်တိုက်ကျရှုံးတာကြောင့် ကျွန်မဆူပူမိပါသည်။

    “နိုင်လင်းရယ် နင့်ကြောင့်တော့ ငါစိတ်ညစ်ပါတယ် ဒီနှစ်လည်း ကျပြန်ပြီမဟုတ်လား တစ်နှစ်လုံးအချိန်တွေ နှမျောစရာ ကောင်းလိုက်တာ ဒီဆယ်တန်းလေးမှ မအောင်ရင် နင့်ဘ၀ ဘာသွားသုံးစားလို့ရတော့မှာလည်း”

    “ဟာဗျာ အမေကလည်း ပါးစပ်ပုတ်ကြီးနဲ့ ဒီမှာစာမေးပွဲကျလာလို့ စိတ်ညစ်နေရတဲ့အထဲ အမေက အားပေးမယ်မရှိဘူး ဆူဖို့ပဲ စိတ်ညစ်တယ်ဗျာ”

    “ဟဲ့….. နင့်ဟာက တစ်နှစ်ကျတာဆိုတော်သေးရဲ့ ခုဟာက နှစ်နှစ်ဆက်တိုက်ဖြစ်နေပြီ တစ်နှစ်လုံးလည်း နင်က ကျူရှင်ဆို ကျူရှင်၊ နင်ကအထူးထုပ်ဆို အထူးထုပ်၊ နင်ကစာကျက်တန်းဆို စာကျက်တန်း၊ ဆယ်တန်းဖြေနေတာမို့ နင်စားချင်တာလေး ချက်ပေးပါဆိုလည်း ငါ့မှာဖြစ်အောင် ချက်ပေးရတယ်၊ ငါ့မှာလည်း နင့်ကြောင့် ကုန်လိုက်တဲ့ ပိုက်ဆံတွေ ခုတော့နင့်စာမေးပွဲက ကျတာပဲလေ”

    “သိပါတယ် အမေက ကျွန်တော့်ဆို အမေ့ပိုက်ဆံတွေ ကုန်ရမှာနှမျောနေတယ်ဆိုတာ ကိုကိုတို့ ညီညီတို့ အတွက်ဆိုရင်တော့
    အမေဘယ်တော့မှ မျက်နှာတစ်ချက်မပျက်ဘူး ကျွန်တော့်ဆို အမေဆူဖို့ပဲ အမေ၀ယ်ပေးတယ်ပြောခဲ့တာ ဘယ်တစ်ခါ ကျွန်တော်ကောင်းကောင်းမွန်မွန် တောင်းလို့ရခဲ့လည်း အမေဆူပူပြီးမှ ၀ယ်ပေးတာလေ ကျွန်တော် စာမေးပွဲ ကျတာလည်း မပြောနဲ့လေ ကျွန်တော်မို့ စာကျက်ပြီဆို အမေ့ဆိုင်ပဲ
    လှည့်ကြည့်ပေးနေရတာလေ ဆိုင်ကို ကိုကိုနဲ့ ညီညီ ဘယ်တုန်းက ၀ိုင်းကူပေးဖူးလို့လည်း တော်တော့ဗျာ ထပ်မပြောနဲ့တော့ ကျွန်တော်နားငြီးတယ်”

    “ နိုင်လင်း နင့်ဘာသာ စာကောင်းကောင်းမကျက်ပဲ သူငယ်ချင်းတွေနဲ့ တစ်ညလုံးလ္ဘက်ရည်ဆိုင် ရောက်နေလို့ စာမေးပွဲကျတာကို ငါ့ဆိုင်ကြောင့်လို့ မပြောနဲ့  နင့်အစ်ကိုနဲ့ညီကိုလည်း ရန်မရှာနဲ့ ဘာာပဲဖြစ်ဖြစ် နင့်အစ်ကိုက ဆယ်တန်းကို တစ်နှစ်ထဲနဲ့အောင်လာတာလေ နင့်ညီလည်း ခုကိုးတန်းဖြေပြီးတဲ့ထိ နှစ်တိုင်းအဆင့် တစ်ကငါးအတွင်းရနေတာ နင် သူတို့နဲ့ယှဉ်လို့ကိုမရဘူး ကိုယ်မရတာကို မရဘူး ဝန်မခံနိုင်တာလောက် ယောက်ျားမပီသတာ မရှိဘူး အစ်ကိုနဲ့ ညီအပေါ်လည်း အရာရာ အနိုင်ယူချင်တယ် ဘယ်သူနဲ့ကို တူမှန်းမသိပါဘူး”

    အမေ အဖေ့မှာ နောက်မိန်းမရှိလားအမေ”

    “နေပါဦး နင်ကဘာမေးနေတာလည်း”

    “အမေက ကျွန်တော့်ရဲ့ အမေအရင်းမှ ဟုတ်ရဲ့လားတွေးနေတာ အဖေနောက်မိန်းမနဲ့များ မွေးထားတာလားလို့ပါ  ကိုကိုနဲ့ ညီညီ့ကိုပဲ ချစ်ပြီး ကျွန်တော့်ကိုမှ
    အမေမချစ်တာ။ ငယ်ငယ်ကတည်းက ကစားစရာဆို ကိုကိုဆော့ပြီးသားပဲ ကျွန်တော်ဆော့ရတယ် ကျွန်တော် ဆော့ပြီးတော့ ညီညီကိုပေးဆော့လားဆို ညီညီကျရင် အသစ်ရတယ်၊ စားစရာဆိုလည်း ကိုကိုအရင်ရွေး ကိုကိုမစားချင်တာမှ ကျွန်တော်စားရတယ် ညီညီအလှည့်ကျတော့ ညီညီစားချင်တာ အမေအကုန်ဝယ်ပေးတယ်၊ အလုပ်ခိုင်းစရာရှိရင်တော့ ကိုကိုက စာကျက်ရလို့ ညီညီက ငယ်သေးလို့ဆိုပြီး ကျွန်တော်ပဲလုပ်ရတာ၊ မိဘတွေက သားသမီးတွေကို တန်းတူချစ်တာမှ ဟုတ်ရဲ့လား ကျွန်တော်ခဏခဏတွေးတယ် အမေမွေးထားတာ ဟုတ်မှဟုတ်ပါလေစလို့လည်း ခဏခဏတွေးမိတယ်”

    “နိုင်လင်းရယ် နင့်ဘာသာနင် အသုံးမကျတာကို သေသွားတဲ့ နင့်အဖေကို သိက္ခာချသေးတယ် နင့်မျက်နှာငါမကြည့်ချင်ဘူး ထွက်သွားစမ်းပါ ထွက်သွားတော့”

    ကျွန်မပြောပြီးတာနှင့် တစ်ပြိုင်တည်း ရှိုက်ငိုချလိုက်ပါတော့တယ်၊ နိုင်လင်းကတော့ ကျွန်မကို စူးရှစိမ်းကားသော မျက်လုံးများနှင့်ကြည့်ကာ လှည့်ထွက်ပြီး အိမ်ပေါ်မှ ဆင်းချသွားပါသည်။ မနက်ဖြန်ဆိုလျှင် နိုင်လင်းတစ်ယောက် အိမ်ပေါ်မှဆင်းသွားသည်မှာ တစ်နှစ်ပြည့်ပါပြီ ကျွန်မအပါအ၀င် သားကြီးနှင့်သားငယ်နှစ်ယောက် နည်းမျိုးစုံဖြစ် နိုင်လင်းသတင်းကို စုံစမ်းရှာဖွေပါသော်လည်း ဘယ်လိုမှ အကြောင်းမထူးခဲ့ပါ ဘယ်နေရာ ဘယ်ဒေသရောက်လို့ ဘာတွေဖြစ်နေမည် မသိ သတိရတိုင်းသာ “သားကို မေမေ မချစ်ဘူးလို့ ဘာဖြစ်လို.ထင်ရတာလဲ။ သားကို မေမေချစ်တာပေါ့”
    သည်စကားကိုပဲ ထပ်ခါထပ်ခါရေရွတ်ရင်း ကျွန်မတစ်ယောက်တည်း ကျိတ်မျက်ရည် ကျခဲ့ရပေါင်းလည်း များခဲ့ပါပြီ။ ဘာကြောင့်များ သူဟာကျွန်မ သားအရင်း မဟုတ်ဘူးဟု သံသယ ဖြစ်ခဲ့ရတာပါလည်း ကျွန်မသူ့အပေါ် ဘယ်လိုများ ပြုမူခဲ့ပါသလည်း ကျွန်မရဲ. အားမလိုအားမရမှုတွေက သူ့ကို ထိခိုက်နာကျင်စေခဲ့ပြီပဲ။ မဖြစ်စေရတော့ပါဘူး။ နောင် ဘယ်တော့မှ မဖြစ်စေရတော့ပါဘူး၊ လက်ရှိအချိန်မှာ ကျွန်မတစ်ယောက်ရဲ့ အတွေးများမှာ တွေးမိနေတာကတော့ နိုင်လင်းသာ ပြန်လာမည်ဆို ကျွန်မဘာမဆို သူ့အတွက် လုပ်ပေးမည်မှာ အသေအချာပါ။

    XDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDX

    ဒီကမ္ဘာလောကကြီးမှာ မိဘနဲ့သားသမီးကြားကပဋိပက္ခတွေဟာ နှစ်ဦးနှစ်ဘက် ချစ်လွန်းသောကြောင့် ဂရုစိုက်အလေးထား လွန်းသောကြောင့် အစိုးရိမ်လွန်ကဲရာက ဖြစ်လာကြသည်ချည်းပါ။ သားသမီးကိုမချစ်သော မိဘ တစ်ဦးတစ်ယောက်မျှ မရှိခဲ့သလို မိဘကိုမချစ်သော သားသမီးလည်း တစ်ယောက်မှ မရှိကြပါ။ သားသမီး တစ်ယောက်ထက်ပိုမို မွေးထားသော မိဘများအတွက် သားသမီး အားလုံးကို တန်းတူညီစွာ ချစ်ကြသည်ဟု ပြောကြပေသည်၊ သို့သော်လည်း တစ်ခါတစ်ရံတွင် မတူညီသော ခေါင်းစဉ်တစ်စုံတစ်ရာဖြင့် တစ်ယောက်တစ်လေအပေါ်ကို အနည်းငယ် ပိုချစ်ပြတတ်ကြပါသည်။

    သားသမီးများ မှာတော့ မည်သည့် ခေါင်းစဉ်မျိုးနှင့်မှ ပိုသည်လိုသည်ဟု မရှိနိုင်စွမ်းပါ အဘယ်ကြောင့်ဆိုသော် သားသမီးများမှာ မိဘဒီတစ်စုံသာ ရှိခဲ့သောကြောင့် ဖြစ်ပါသည်။ သားသမီး အလိုမလိုက်သော မိဘ မရှိပါ၊ တစ်ကျပ်ဖိုး တတ်နိုင်စွမ်းသော မိဘမှာ တစ်ကျပ်ဖိုး အလိုလိုက်တတ်သည်၊ တစ်သောင်းဖိုးတတ်နိုင်စွမ်းသော မိဘမှာ တစ်သောင်းဖိုး အလိုလိုက်တတ်သည်၊ တတ်နိုင်စွမ်းသော အတိုင်းအတာပေါ်တွင် မူတည်ကာ အလိုလိုက်တတ်သည်မှာ မိဘများပင်ဖြစ်ပါသည်။ ထို့နည်းတူစွာ သားသမီးများမှာလည်း မိဘကို မလုပ်ကျွေးမပြုစုချင်သော သားသမီးမရှိကြပါ၊ တတ်နိုင်သော အခြေအနေပေါ်တွင်  မူတည်ကာ လုပ်ကျွေးပြုစုသည်၊ ကွဲပြားခြားနားခြင်း ရှိခဲ့လျှင်တော့ဖြင့် မတတ်နိုင်စွမ်းသောကြောင့် အလိုမလိုက်သည့် မိဘမရှိကာ မတတ်နိုင်စွမ်းသောကြောင့် မလုပ်ကျွေးမပြုစုနိုင်သော သားသမီးသာလျှင် ရှိနေခြင်းပါ။

    “မိဘ ညီအစ်ကို မောင်နှမ မိသားစုဝင်များ” ဆိုသည်မှာ ဖြစ်သင့်ပါသလား ဆိုသည့် မေးခွန်းလေးအတွက် ရှိသည့် အဖြေကို ဖြေရလျှင်ဖြင့် အားလုံးသောသူတွေ တစ်ညီတစ်ညာထဲ ဖြေကြမှာတော့ဖြင့် မဖြစ်သင့်ပါဆိုသည့် အဖြေသာဖြစ်ပါသည်။  သို့သော်လည်း လက်တွေ့ဘ၀များမှာ အားလုံးသော မိသားစုလိုလို ကြုံတွေ့နေရသည့် အခြေခံ အကြောင်းအရင်းလေးများသာ ဖြစ်ကြပါသည်။ မိဘနှင့် သားသမီးများမှာ ပုတုဇဉ်လူသားများ ဖြစ်ကြသောကြောင့် သားသမီးများလည်း မှားကြပါသည် မိဘများမှာလည်း အမှားမကင်းခဲ့ပါ။ မိဘများလည်း မှားတတ်ပါသည်၊ မှန်အောင် ကြိုးစားဆောင်ရွက်နေရင်းဖြင့် အမှားများ လုပ်နေတတ်သော ပုထုဇဉ်လူသားများ ဖြစ်နေကြပါသည်။

    မတူညီကြသည်မှာ သားသမီးများမှာ အတွေးမှားသော မာန်မာနအဖြစ်ဖြင့် မိဘများ၏ အနွံတာခံခြင်းနှင့် အပြစ်မယူတတ်ခြင်းတို့ကို မျှော်လင့်စွာ မှားတတ်ကြခြင်းဖြစ်ကာ မိဘများ မှားတတ်သောအမှားမှာ သားသမီးများလည်း ကြီးပြင်းလာသည့်အခါတွင် နားလည်ပေးနိုင်မည်ဟူသော မျှော်လင့်ချက်ဖြင့် ကောင်းစေချင်သော စေတနာလေးကြောင့် မှားကြသော အမှားများပင်ဖြစ်ပါသည်။ မိဘများသည် သားသမီးများကို နာကျင်စေခဲ့သည်များ ရှိခဲ့လျှင်လည်း စေတနာမှန်ဖြင့် မှားခဲ့ခြင်းများဖြစ်သည်။ မည်သည့် အကြောင်းပြချက်များ ရှိနေပါစေ မိဘနှင့် သားသမီး နှစ်ဦးနှစ်ဘက် ရင်ထဲတွင်ဖြင့် နှစ်ဦးနှစ်ဘက်စလုံးအတွက် နေရာလေးတစ်နေရာ ကိုယ်စီတော့ဖြင့်ရှိနေပါသည်။

    တစ်ခါတစ်ရံ မိဘများ ဘက်မှလည်း သားသမီးများအပေါ် အတ္တနှင့်ေ ဒါသစိတ်များ လွန်ကဲနေခြင်း၊ သားသမီးများ ဘက်မှလည်း မိဘများအပေါ် မာနနှင့် အာဃာတလေးများ ဖုံးလွမ်းခဲ့ခြင်း၊  နှစ်ဦးနှစ်ဘက် ဦးစားပေးခဲ့သော အပေါ်ယံ စိတ်ခံစားချက်များကြောင့် ရင်ထဲတွင် ကိုယ်စီရှိနေကြသော နေရာလေးများကို မေ့လျှော့နေတတ်ကြသည်၊ တစ်ကယ်တမ်းတွင် မိဘများ၏ အတ္တများမှာ သားသမီးများ အပေါ်တွင် ထားရှိသင့်သော အရာမဟုတ်၊ သားသမီးများ၏ မာနသည်လည်း မိဘများအတွက် မဖြစ်သင့်ခဲ့ပေ။ မည်သည့်အကြောင်းများကြောင့် စကားများများ၊ ရန်ဖြစ်ဖြစ်၊ ရင်ထဲတွင် ကိုယ်စီရှိနေကြသော နေရာလေးများကို သတိတရ တွေးကြည့်သင့်ပါသည်။

    နေရာလေးများ လွတ်နေကာ အထီးကျန်နေခြင်းကို ခံစားရသည့်အခါ သားသမီးများ ဘက်မှလည်း မာနလေးများချကာ ကိုယ့်ဘက်မှမည်မျှပင် အမှားကင်းခဲ့ပါစေ “အဖေ” ဒါမှမဟုတ် “အမေ” ဟု စ၍ခေါ်ကြည့်ပါ၊ မိဘများ ဘက်မှလည်း ကိုယ်မှန်နေသော်လည်း အတ္တများကိုချ ကိုယ်မှားနေလျှင်လည်း ရှက်ဒေါသလေးများ
    လျှော့ကာ “သား” သို့မဟုတ် “သမီး”ဟု စတင်ခေါ်ကြည့်ပါ။ ဇီးဖြူသီး စားပြီးလျှင်ရေသောက်က ချိုမြိန်နေသကဲ့သို့ ချိုမြိန်နေမှာ အသေအချာပင် ဖြစ်ပါသည်။

    နေရာဆိုတာ ရှိလာမှတော့

    မိဘတွေအတွက် အတ္တလည်းမ၀င် …………

    သားသမီးတွေ မာနလည်းမရှင်စေနဲ့ ………..

    နေရာဆိုတာ ရှိလာမှတော့

    မိဘတွေအတွက် ဒေါသလည်းမေ့ ……………

    သားသမီးတွေ အာဃာတလည်းပေါ့စေ ……..

    နှစ်ဦးနှစ်ဘက် မောဟလည်းကင်းစင်လို့

    ရင်ထဲကနေရာတွေ ရှိနေတာကိုက တန်ဖိုးလို့တွေး

    နှစ်ဦးနှစ်ဘက် အလေးထားကြပါစို့လေ။

    ဏီဏီဇော် | PatheinCity News | ရသစာပေ

    Share and Enjoy:
    • Print
    • email
    • RSS
    • Add to favorites
    • PDF
    • Facebook
    • Twitter
    • MySpace
    • Google Bookmarks
    • Yahoo! Buzz
    • Yahoo! Bookmarks
    • Live
    • del.icio.us
    • MSN Reporter
    • Blogplay

    Related Posts

    This entry was posted on Monday, August 30th, 2010 at 2:02 pm and is filed under ဝထ္ထုတို. You can follow any responses to this entry through the RSS 2.0 feed. You can leave a response, or trackback from your own site.
  • 15 Comments

    Take a look at some of the responses we've had to this article.
    ယခုဖော်ပြထားသော အကြောင်းအရာနှင့် ပါတ်သက်၍ စာဖတ်သူများ၏ သဘောထား အမြင်များကို အောက်တွင် ကြည့်ရှု နိုင်ပါသည်။

    1. noname
      Aug 30th
      Reply

      ပတ်ဝန်းကျင်ရဲ့ စကားတွေကို သိပ်ဂရုမစိုက်နဲ့ဗျာ။ မိသားစုဝင်အချင်းချင်း နားလည်ခွင့်လွတ်ပေး၊ အလျှော့ပေး။ အဓိကက ကိုယ့်မိသားစုဝင်တွေ စိတ်ချမ်းသာဖို့။ ဟိုလူ့အတင်းလိုက်ပြော၊ ဒီလူ့အတင်းလိုက်ပြော ပြောနေတဲ့ လူတွေကြားမှာ ကိုယ့်မိသားအကြောင်း ကြွားဖို့မဟုတ်ဘူး။ ဘာမှလဲ ကြွားစရာမလိုဘူး။ ကောင်းတာလုပ်နေရင် ကောင်းတာဖြစ်မှာပဲ။ ဘုရားရှင်ဟောထားတဲ့ မင်္ဂလသုတ်ထဲက ၃၈ဖြာ မင်္ဂလာတရားတော်အတိုင်း နေထိုင်ကျင့်ကြံသွားရင် ဘယ်သူ့မှ ဂရုစိုက်စရာမလိုဘူး။ (ကိုယ့်အပြစ်ကို ဝန်ခံဖို့ အားနည်းကြတဲ့သူတွေ ဝန်ခံလိုက်စမ်းပါ။ ဒါ ရှက်စရာကိစ္စမဟုတ်ဘူး။ ရှက်တတ်ရင် အစကတဲက မဟုတ်တာ မလုပ်နဲ့လေ။) ပြောချင်တာတွေ ရှိပါသေးတယ်။ ဒါပေမယ့် တော်သင့်ပြီလို့ ထင်ပါတယ်။

      Like or Dislike: Thumb up 0 Thumb down 0

    2. noname
      Aug 30th
      Reply

      ရေးတဲ့သူက ဏီဏီဇော်လား ခင်ဗျား၊??
      ဖတ်တဲ့သူ မျက်စိထဲပေါ်လာအောင်ရေးနိုင်သလို၊ အပြင်မှာ တကယ်ဖြစ်နေတာတွေကိုလဲ ကွက်ကွက်ကွင်းကွင်းမြင်စေပါတယ်။ (ဆရာမကြီး မစန္ဒာရေးပုံနဲ့ ဆင်ပါတယ်။ ကျနော့်အထင်ပြောတာပါ။ အားပေးနေပါတယ်ဗျာ။း))

      Like or Dislike: Thumb up 2 Thumb down 0

    3. ဖတ်ရတာ တော်တော်သဘောကျတယ် မိုက်တယ် သူငယ်ချင်းတယောက်ပေးလို့ရောက်လာပါတယ်

      Like or Dislike: Thumb up 0 Thumb down 0

    4. Aug 31st
      Reply

      thanks for good post!u may be happy!

      Like or Dislike: Thumb up 0 Thumb down 0

    5. Aug 31st
      Reply

      နေရာလေးတစ်ခုကို လာဖတ်ပါတယ် သင်ခန်းစာယူလို့ကောင်းတဲ့ ပို့စ်လေးပါ.

      Like or Dislike: Thumb up 0 Thumb down 0

    6. theinzawoo
      Sep 1st
      Reply

      တော်တော်လေး သဘောကျပါတယ်၊ လက်တွေ.နဲ.လည်း ကိုက်ညီတော. မျက်လုံးထဲ တန်းကနဲ ပေါ်လာစေတယ်၊ ဆက်ရေးပါအုံး အားပေးနေတယ်..

      Like or Dislike: Thumb up 0 Thumb down 0

    7. yuki
      Sep 2nd
      Reply

      အင်း
      စာရေးသူပြောသလိုပဲ သမီးက မာနန တွေ မထားတော့ဘဲ
      အမေ အဖေ လို့ခေါ်လိုက်ပါတယ် ဒါပေမဲ့ အမေ ဆီက နေ သမီးလို့ ပြန်ခေါ်တဲ့ အသံကို မကြားရဘူး
      အဲတော့ဘယ်လိုလုပ်ရမလဲဟင် တခါတလေတော့ လဲ
      အမေ တို့ က အရမ်းဆူပူတက်တော့ အိမ်ကနေ ဘယ်ရောက်ရောက် ဆို ပြီး ထွက်ပြေးလိုက်ချင်တယ်
      သမီး မှ မမှားတာ အမေ ရယ်လို့လဲ ပြန်ပြောချင်တယ်
      ပြောချင်တာပါ မပြောဘူးပါဘူး အိမ်က နေလဲ ဘယ်မှ မပြေး ဖြစ်ပါဘူး။ ( ငါ့ အမေ က ငါ့ကို ချစ်တယ် ငါ့ အဖေ က လဲ ငါိ့ကို အရမ်းချစ်တယ်) အဲလိုစိတ်ထဲမှာ တွေးမိနေတယ်လေ။ အဲဒါလေးက စာရေးသူပြောတဲ့ ရင်ထဲက နေရာလေးတစ်ခုဖြစ်မယ်ထင်ပါတယ်။
      ကျေးဖူးတင်ပါတယ်ရှင် စာရေးသူကို အမေ တို့က သမီးကို ဆူပူ တဲ့ အခါတိုင်း စာရေးသူ ပြောသလို အမေတို့ အဖေတို့ ရင်ထဲ မှာလဲ ငါ့ အတွက် နေရာလေး တစ်ခုတော့ရှိမှာပါလို့တွေးပါတယ် အဲလို တွေးလိုက်ရင် စိတ်ချမ်းသာရာ ရပါတယ်။ကျေးဖူး အများကြီးတင်ပါတယ်ရှင်။

      Like or Dislike: Thumb up 3 Thumb down 0

    8. hnin pwint
      Sep 9th
      Reply

      like it too much

      Like or Dislike: Thumb up 0 Thumb down 0

    9. hein htete jay
      Sep 14th
      Reply

      အရမ်းကောင်းတယ်ဗျာ……စာလေးတွေက…..မိဘတွေဘက်ကကြည့်ပြီးရေးထားတာ……ဆက်လက်အားပေးနေမှာပါ

      Like or Dislike: Thumb up 0 Thumb down 0

    10. The Girl in the Golden Mask
      Sep 17th
      Reply

      ထူးဆန်းဒယ်သိလား…. အိမ်ကအမေကတော့ (ဟိုးပိစိခလေးတုန်းကတော့ သမီးလို့ခေါ်ဖူးပေမယ့်) ခုဆယ်တန်းအောင်လို့ ၄နှစ်ကျော်အတွင်း ‘သမီး’ လို့ မခေါ်ဝူး။ နင်နဲ့ငါနဲ့ပဲပြောဒယ်။ တခါက… အမေဟာသမီးဒို့အပေါ်နွေးထွေးမှုမရှိဖူးလို့ စကားဦးသန်းပြမိတော့ အမေကခပ်ငေါက်ငေါက်အသံနဲ့ ပြန်ပြောတာက..
      “ဩ… နင်ဒို့ကိုငါက… သမီးလေးရေ.. ဘာလေးရေ နဲ့ ဖင်ပုတ် ခေါင်းပုတ်နေမှ နွေးထွေးကြင်နာတာလား? နင်ဒို့ကို ကျောင်းကအိမ်၊ အိမ်ကကျူရှင် အကုန် အမောခံပီး မနက်စောစောဆိုလဲဆိုရဲ့ ညဘက်ဆိုလဲဆိုရဲ့ ကားတစီးနဲ့လိုက်ကြိုပို့နေတာကတော့ နွေးထွေးတာမဟုတ်ဖူးပေါ့? ” တဲ့လေ။ ဘာမှပြန်မပြောတော့ပဲ သက်ပြင်းလေးခိုးချပီး အခန်းထဲပြန်ဝင်လာခဲ့ပါတယ်။ အမှန်တော့ လိုအပ်နေတာက အဲ့လိုခေါင်းပုတ်ဖင်ပုတ်အမူအရာတွေ သမီးနဲ့မေမေ လိုအသုံးအနှုန်းတွေပါဆိုတာ…….

      Like or Dislike: Thumb up 2 Thumb down 0

    11. nini
      Sep 27th
      Reply

      TQ….aku mha home ko po lwan tal…….

      Like or Dislike: Thumb up 0 Thumb down 0

    12. hninsi
      Sep 29th
      Reply

      ကိုယ့်အနေနဲ့ ကတော့ တအိမ်သားလုံးရော နီးစပ်ရာဆွေမျိုးတွေ အပါအ၀င် ချစ်ကြတယ် အလိုလိုက်ကြတယ် ကိုယ်ကံကောင်းတယ် ဆိုတာ ခုမှ ပိုသိလာတယ်
      တခါတလေ အကို တွေ နဲ့  အမြင်မတူတာ တူ/ တူမလေးတွေ နဲ့ အမြင်မတူတာတွေ ဖြစ်တဲ့အခါ အမေက သူမှ ကိုယ်မဟုတ်တာသမီးရယ် သမီး ချစ်တယ် ဆိုရင် သူတို့ကိုထောက်ပံ့ပါ သဘောပေါက်အောင် လည်းပြောပြ ပေါ့ လို့ ပြောပြ တတ်တာ
      အရွယ် ရောက်ခါစက စလို့ ဘာကိုမဆို ရင်းရင် နှီးနှီး ရင် ဖွင့် ပြောပြစေခဲ့တာတွေ ဟာ ခု တော့ ကိုယ်လည်းကောင်းမွန်တဲ့ဘ၀ကိုပိုင်ဆိုင်ခွင့်ရ ၊ နားလည်မှုလည်း ရခဲ့ ပြီလေ
      ဒီစာလေးကြောင့် မိသားစုရဲ့တန်ဖိုးကို သိလိုက်ရတယ်
      ကျေးဇူးတင်တယ် စာရေးသူရေ ……….

      Like or Dislike: Thumb up 1 Thumb down 0

    13. K Thi Nay Win
      Jan 16th
      Reply

      သားသမီးကိုမချစ်သော မိဘ တစ်ဦးတစ်ယောက်မျှ မရှိခဲ့သလို မိဘကိုမချစ်သော သားသမီးလည်း တစ်ယောက်မှ မရှိကြပါ။

      Like or Dislike: Thumb up 0 Thumb down 0

    14. K Thi Nay Win
      Jan 16th
      Reply

      သားသမီးကိုမချစ်သော မိဘ တစ်ဦးတစ်ယောက်မျှ မရှိခဲ့သလို မိဘကိုမချစ်သော သားသမီးလည်း တစ်ယောက်မှ မရှိကြပါ။

      that right

      Like or Dislike: Thumb up 0 Thumb down 0

    15. မဏီ ရေးတဲ့မိဘနဲ့သားသမီး စားသားလေးတွေကိုတကယ်ကိုကြိုက်ပါတယ်အပြင်က အကြောင်းအရာတွေလေးတွေနဲ့ အများဖြင့်တော့ တူညီနေတာတေါ့ရတယ်ကောင်းပါတယ်

      Like or Dislike: Thumb up 0 Thumb down 0

  • Leave a Reply

    Let us know what you thought.
    ဤ အကြောင်းအရာနှင့် ပါတ်သက်၍ လူကြီးမင်း၏ သဘောထား အမြင်ကိုလည်း ရေးသားစေလိုပါသည်။

  • Name (required):

    Email (required):

    Website:

    Message: