သူမ၏ည
ညသည် ပူလောင်၏။
ခပ်ဟဟလေး ဖွင့်ထားသော ပြတင်းတံခါးဆီကို နွေလေရူးတို့ ဖျက်ခနဲတိုးဝင်လာသည်။ နွေလေတို့သည် အေးစက်မှုကို မသယ်လာ……………..။ ပူစပ်စပ်လေညင်းတို့ကိုသာ အရင်လို ထားခဲ့ပြန်၏။ တိုင်ကပ်နာရီအိုလေးကို ကြည့်လိုက်တော့ ည၁၂နာရီတိတိ……….။
လေတိုးနေသည့် ပြတင်း တံခါးကို အသာအယာတွန်းဖွင့်လိုက်သည့်အခါ လေထဲမှာ မရင်းနှီးသည့် ပန်းရနံ့တွေကသင်းနေသည်။ အဝေးဆီက ဆွဲဆွဲငင်ငင်အူလိုက်သည့် ခွေးအူသံကြောင့် ဆတ်ခနဲ တုန်သွားပြီး တံခါးနှစ်ချပ်ကို အလျင်အမြန် ဆွဲပိတ်လိုက်မိလိုက်ပြန်သည်။ ပြတင်းနားမှာ မတ်တပ်ရပ်မိလိုက် တစ်ယောက်တည်း ဧည့်ခန်းငယ်လေးထဲမှာ ခေါက်တုန့်ခေါက်ပြန် လျှောက်လိုက်နဲ့ အချိန်တွေ တရွေ့ရွေ့ကုန်လာပြန်၏။ သည်ညသည် အရင်လိုညတွေလိုပဲ မောင်ပြန်လာမယ့် အချိန်ကို စောင့်မိပြန်၏………။ ဘာမှ မထူးဆန်းပေမယ့် အခုလို သူပြန်လာမည့်အချိန်ကို စောင့်နေမိတာ အကျင့်လို ဖြစ်လာသည့် ကိုယ့်ကိုယ်ကို ကြည့်ရင်း စိတ်ပျက်မိလာပြန်သည်။
အတန်ငယ် ညောင်းလာမိတော့ ပက်လက်ကုလားထိုင်ပေါ်ကို လျော့တိလျော့တွဲ ပြန်ထိုင်ချလိုက်ပြီး …………မောင်….. လို့….. ကိုယ့်နားက ကိုယ်ပြန်ကြားရုံ တိုးတိုးလေး ညည်းတွားမိပြန်သည်။
အဲသည်လိုခေါ်လိုက်တိုင်း ကျွန်မကို ငဲ့ငဲ့ကြည့်တတ်သည့် မောင့်မျက်လုံးတွေကို ကျွန်မချစ်သည်။ နောက်ပြီး မောင့်ရဲ့ ကျယ်ပြန့်သည့် နဖူးပေါ်မှာ ခွေခွေလေးကျနေသည့် ဆံနွယ်လေးတွေကိုလည်း ကျွန်မချစ်သည်။ မောင်နဲ့ ကျွန်မတို့၏ ဆုံစည်းမှုသည် အလွန်တရာမှ ရိုးစင်းခဲ့ပေမယ့် မောင်နဲ့ ပေါင်းစည်းဖို့ကြတော့ အလွန်တရာခက်ခဲခဲ့သည်။ အရာရာမောင့်ထက် သာသည့် ကျွန်မအရည်အချင်းတွေကြောင့်လား……. ဒါမှမဟုတ် ကျွန်မက မောင့်ထက် လိုသည်ထက် အသက်အရွယ် ကွာဟနေလို့လား…….။ ထိုကဲသို့သော မေးခွန်းကို ဟိုးတုန်းကတော့ မစဉ်းစားမိခဲ့……။ အခုတော့လည်း မိမိကိုယ်ကို ပြန်မေးမိပြန်သည်။
မောင်နဲ့ကျွန်မက အသက်ခြောက်နှစ်တောင် ကွာပေမယ့် ကျွန်မတို့ နှစ်ယောက်ကြားမှာ ဘာမှ ပြဿနာမရှိဘူးထင်ခဲ့မိ၏။ ဒါပေမယ့် ကျွန်မက မောင့်ထက် အသက်ကြီးတော့ အရာရာမှာ မောင့်ထက် ရှေ့ရောက်နေမိတာ ကျွန်မအတွက်မထူးဆန်းလှပေမယ့်……. အများအမြင်မှာတော့…… သိပ်ပြီး မလှခဲ့။ ဖေဖေနှင့် မေမေတို့ တားနေသည့်ကြားကနေ မောင်နဲ့ ပေါင်းစည်းဖို့ ဆုံးဖြတ်ခဲ့သည်။ ထိုဆုံးဖြတ်ကို မှားလား…. မှန်လား.. ကျွန်မ မဝေခွဲနိုင်ခဲ့….။ မောင့်ကို စတွေ့မိသည့် အချိန်ကပင် ဖွဲ့မိသည့် သံယောဇဉ်က အရာရာကို လွှမ်းမိုးနိုင်ခဲ့သည်။ အခုတော့လည်း အရာရာသည် ကန့်လန့်ကာနောက်ကွယ်မှာ ကိုယ်မသိသည့်ဇာတ်ရုပ်ကို ကိုယ်ကိုယ်တိုင် ကဖို့ ကြိုးစားတာနဲ့ တူလှသည်။
ပက်လက်ကုလားထိုင်ပေါ် ခေါင်းကို မှီချလိုက်ရင်း မျက်လုံးကို စုံမှတ်ပြီး အိပ်ဖို့ကြိုးစား၏။ မရ……။ အိမ်မပြန်လာသေးသည့် မောင့်အတွက် စိတ်ပူတာလား….. ။ ဒါလည်း မဖြစ်နိုင်ပါ။ အချိန်တန်လျှင် မောင့်သူငယ်ချင်းတွေက မောင့်ကို အိမ်အထိ လိုက်ပို့ကြမှာပေါ့….။
ကျွန်မသက်ပြင်းခပ်လေးလေး ချလိုက်ပြီး ဘေးနားက စားပွဲပေါ်မှာ ပြန့်ကြဲနေသည့် စာရင်းစာရွက်တွေကို ပင့်သက်ရှိုက်ရင်း ငေးကြည့်မိပြန်သည်။ ညနေက ရောက်နေသည့် ကုန်စည်စာရင်းတွေမှာ ရေးထားသည့် ဂဏန်းတွေပေါ် မျက်လုံးက ရောက်သွားပြန်တော့ အသက်ရှူမ၀တော့သလို ခံစားမိလာပြန်သည်။ ကြီးကြီးလှကတော့ ကုန်ရုံက ပြန်လာပြီးကတည်းက အိပ်နေပေမယ့် ကျွန်မအတွက်တော့ မနက်ဖြန်ဆိုတာကို ဖြတ်သန်းဖို့ အလွန်ကြောက်နေမိသည်။ သည်နှစ်ကျမှ တောင်ပေါ်မှ လက်ဖက်အစိုတွေကို တော်တော်များများ မှာမိလိုက်သည်။ သည်နေ့ ကုန်ရုံမှာ ကြားခဲ့ရသည့် သတင်းအရ မစားသင့်သည့် လက်ဖက်အမျိုးအမည်တွေ သတင်းစာမှာ ကြေညာမည်တဲ့…..။ ကျွန်မတို့စီးပွားရေးအတွက် သည်သတင်းတွေက သိပ်ပြီး မကောင်းလှပါ…..။
မောင်ရယ် … ပြန်လာပါတော့….. ကျွန်မတစ်ယောက်တည်း ဖြတ်သန်းဖို့ အားလျော့နေမိသည်။
မိန်းမသား တစ်ယောက်အတွက် အသက် ကြီးသည် ဖြစ်စေ ငယ်သည်ဖြစ်စေ….. မောင့်ကို ကိုယ့်ရဲ့လက်တွဲဖော်အဖြစ် ပတ်ဝန်းကျင်မှာ ရပ်တည်ခွင့်ရတာက ကျွန်မအတွက် အင်အားတစ်ခုပဲလား……။
မောင်နဲ့ ကျွန်မ စတွေ့စဉ်က မောင်က စိတ်မြန်လက်မြန် တဇွတ်ထိုး။ ကျွန်မ မောင့်အကြောင်း စဉ်းစားမိတော့ ပြုံးလိုက်မိသည်။ မောင်နှင့်တွေ့စတုန်းက ကျွန်မနောက်ကနေ တကောက်ကောက်လိုက်တတ်သည့် ကောင်လေးတွေနဲ့ ကတောက်ကဆ ဖြစ်ပြီး ထိုးပွဲ သတ်ပွဲတွေ ဖြစ်ခဲ့ကြဖူးသည်။ သြော်… အဲသည်အချိန်တုန်းက မောင်က အတော့်ကို ငယ်သေးတာပဲ။ စိတ်လိုက်ကိုယ်ပါ ငယ်ရွယ်စဉ်မှာ ဖြစ်တတ်ကြပေမယ့် အိမ်ထောင်ကျရင် တဖြေးဖြေး ကျွန်မ ပြောင်းယူလို့ရမယ် ထင်ခဲ့မိသည်။ အခုထက်ထိ အိမ်ထောင်ကျပေမယ့် မပြောင်းလဲသေးသည့် မောင့်အပေါ် အရင်လို ကျွန်မမျှော်လင့်ချက်တွေက ရှိနေဆဲ……..။
ချစ်တယ်……. လို့ .. မောင့်ရဲ့ နှုတ်ခမ်းပါးပါးလေးက ဖွင့်ပြောတဲ့တစ်နေ့က အဖြစ်တွေက ယနေ့ထက်တိုင် ကျွန်မပါးပြင်းမှာ ရှိန်းတိန်းတိန်းဖြစ်နေဆဲပါပဲ…..။ စီးကရက်နံ့တွေ ထုံမွှမ်းနေသည့် မောင့်နှုတ်ခမ်းဖျားလေးကို ထိပြီး ကျွန်မလက်ဖျားလေးတွေမှာ စွဲကပ်လာသည့် ထိုရနံ့လေးတွေကို ခိုးခိုးပြီး နမ်းခဲ့ရတာလည်း မောင်မသိခဲ့……..။ အခုတော့လည်း မောင်သည် ကျွန်မအကြောင်းကို နားမလည်သည့် ကလေးဆိုးလေး တစ်ယောက်ပါလား…။
မောင့်အကြောင်းတွေးနေရင်းနဲ့ ကျွန်မလက်တွေက စာရင်းစာရွက်တစ်ကို လှမ်းယူလိုက်သည်။ သုညတွေနောက်မှာ အများကြီး တန်းစီနေသည့် ဂဏန်း အရေအတွက်တွေကို ကြည့်လိုက်ပြီး ကျွန်မစိတ်ထဲမှာ လေးလာသည်။ သည်အရေအတွက်တွေက ကျွန်မတို့ဘ၀ကို ကပြောင်းကပြန် ဖြစ်သွားနိုင်သည်။ မောင့်ကို ကျွန်မ ကြိုတင် ပြောလိုက်ပေမယ့် ခပ်ပေါ့ပေါ့နေတတ်သည့် မောင်က ကျွန်မ ပြောပြနေသည့် အရေအတွက်ကို စိုးရိမ်မှု မပြခဲ့ဘူး။ အရာရာအားလုံး နှေးကွေးစွာ တုံ့ပြန့်တတ်သည့် မောင်ကို အားမလိုအားမရ ဖြစ်ခဲ့ပေမယ့် အခုတော့လည်း ကျွန်မ နေသားကျနေပါပြီ။
မောင်ရယ်… ကျွန်မရဲ့ ကုန်ရုံလုပ်ငန်းကို စိတ်မ၀င်စားရင် တခြားအလုပ်… ပြောင်းလုပ်ကြည့်ပါလား……လို့ မေးဖူးသည်။ အဲသည့်အခါမျိုးမှာ မောင်က အင်းမလုပ်အဲမလုပ်နဲ့ ကျွန်မကို ဘုကြည့်ပြန်ကြည့်တတ်သည်။ မောင်နဲ့ လုပ်ရတာ အဆင်မပြေလားလို့… ဆိုပြီး မြားဦးကို ကျွန်မဘက် ပြန်လှည့်တတ်လာသည်။ အဲသည်အခါမျိုးမှာ မောင့်ကိုပဲ ကလေးတစ်ယောက်လို ကျွန်မ ချော့ရပြန်သည်။
တီ…တီ…. ဆိုပြီး အင်ဗာတာက အချက်ပြမီးကြောင့် ကျွန်မမလိုအပ်သည့် မီးတွေကို ပိတ်လိုက်သည်။ မကြာခင် အင်ဗာတာမီးက အားကုန်တော့မှာပါလား။ ဖယောင်းတိုင်နဲ့ မီးခြစ်ကို လွယ်ကူသည့် နေရာမှာ ချထားလိုက်ပြီး မောင့် အပြန်ကို အမှောင်ထဲမှာ ထိုင်စောင့်နေရဦးမည်။
သည်လိုပဲ မောင့်ကို ခဏခဏ စောင့်ရပေါင်းများပေမယ့် ထိုညတွေသည် သည်ညတာလောက် မရှည်ခဲ့…..။ တခါတလေ မောင်က ကျွန်မထက် သူ့အပေါင်းအသင်းတွေကို မင်သည်။ တခါတရံမှာတော့ မောင်သည် ကျွန်မ ပြောပြောပြတတ်သည့် အကြောင်းအရာလေးတွေကိုတော့ စိတ်ဝင်တစား နားထောင်တတ်သည်။ ဒါပေမယ့် တခွန်းမှ ပြန်မပြော၊ တစ်လုံးမှ မဝေဖန်။ ထိုအခါမှာတော့ မောင့်အပေါ်ကျွန်မ စိတ်ကောက်မိသည်။ ဒါပေမယ့် အိမ်ထောင်သက် လေးနှစ်သက်တမ်းတလျောက်လုံး ကျွန်မ အမျိုးမျိုး စိတ်ကောက်ဖို့ ကြိုးစားခဲ့ပေမယ့်….. နောက်ဆုံးတော့ တကယ်စိတ်ကောက်တတ်သူက မောင်ပါ..။
အချစ်၏သိမ်မွေ့မှုတွေ၊ အိမ်ထောင်တစ်ခု၏ လှိုင်းတံပိုးတွေကြားမှာ မောင့်ကို နားလည်နိုင်အောင် ကျွန်မကြိုးစားခဲ့ပေမယ့် မောင်သည် ကျွန်မအပေါ် နားလည်အောင် ပြန်မကြိုးစား…..။မောင် လိုချင်တာ မှန်သမျှ ဖြည့်ဆည်းပေးနိုင်သည့် ကျွန်မကို… ကျွန်မ ဘာလိုချင်သလဲဆိုတာ သူတစ်ခွန်းမှ မမေးခဲ့။
မောင်ရယ်… လက်ထပ်ကြရအောင်… လို့ ကျွန်မပြောလိုက်သည့်အချိန်မှာ တအံ့တသြနဲ့ ကျွန်မကို ငေးကြည့်နေခဲ့သည်။ နောက်တော့ .. မောင်တို့ .. ငယ်သေးတယ်တဲ့…..။ မောင်ရယ်…. ကျွန်မက မငယ်တော့ဘူးလေ.. လို့ ပြောပြလိုက်သည့်အခါမှာ မောင်ကခဏတာ စဉ်းစားလိုက်ပြီး…..။ အင်း.. လက်ထပ်ကြရအောင်…. လို့ ပြန်ပြောခဲ့သည်။
အိမ်ထောင်ပြုဖို့ လောခဲ့မိတာ ကျွန်မအမှားလား…….။ တကယ်လို့ အချိန်တွေကို ပြန်ဆွဲဆန့်လို့ရလျင် ပြန်ပြီးဆန့်လိုက်ချင်သည်။ မိန်းမတစ်ယောက်အတွက် တကယ်လိုအပ်သည့် ခင်ပွန်းလောင်းက ရင့်ကျက်နေဖို့ဆိုတာ ကျွန်မ မသိခဲ့တာလား…..။ ဒါမှမဟုတ် နီးစပ်မှုတစ်ခုတည်းအတွက် ကျွန်မ မသိချင်ယောင် ဆောင်ခဲ့တာလား…..။ မိန်းမတစ်ယောက်က ယောက်ျားတစ်ယောက်ကို လက်တွဲဖို့ဆိုရင် ထိုယောကျာ်းအတွက် လုံလောက်သည့်အချိန်ပေးဖို့လိုသည်။ ထိုအချိန်သည် ယောက်ျားတစ်ယောက် ကောင်းကောင်းရင့်ကျက်ဖို့ပဲဖြစ်သည်……..။ အခုတော့ ထိုအချိန်တွေသည် လွန်ခဲ့ပြီ……။ လွန်ခဲ့သည့်အချိန်တွေကို အခုမှ ပြန်တောင့်တလည်း ပြန်မရနိုင်တော့…….။
ဝုန်းခနဲ မြည်သံနဲ့ အတူ စောစောကပိတ်ထားသည့် ပြတင်းတံခါးသည် ရုတ်တရက်ပွင့်သွားပြီး နွေလေရူးတို့ ဝေါခနဲ ၀င်လာသည်။ သည်တခါတော့ ပူစပ်စပ်လေညင်းတို့ပါမလာတော့။ တံခါးကို ချက်ထိုးဖို့ ကျွန်မထလိုက်သည်။ တံခါးနှစ်ချက်တို့ကို ပိတ်မယ့်ဆဲဆဲမှာ အဝေးကနေ… ဂိုး…. ဆိုသော ယောက်ျားတစ်စု၏ အသံကို သဲ့သဲ့ ကြားလိုက်ရသည်။ ထိုအသံတွေကြားမှာ မောင့်ရဲ့အသံကလည်း ပါကောင်းပါပါလိမ့်မည်။ တံခါးမပိတ်မီ မောင်ပြန်လာမယ့် လမ်းလေးကို မျှော်ကြည့်လိုက်တော့ မှောင်နေဆဲ…………………။
သက်ပိုင်သူ ၊ PatheinCity News | ရသစာပေ
(ဤစာမူ နှင့် သရုပ်ဖော်ပုံသည် ဆရာ သက်ပိုင်သူ၏ Blog တွင် ၂၀၀၉ ခုနှစ် ဇွန်လ ၃၀ ရက်နေ့က လွှင့်တင်ပြီး ဖြစ်ပါသည်။ ပြန်လည် ကူးယူ ဖော်ပြလိုပါက ဆရာ သက်ပိုင်သူ ထံမှ ခွင့်ပြုချက် တိုက်ရိုက် တောင်းခံရန် လိုအပ်ပါသည်။ )
ကျေးဇူးတင်စွာဖြင့်
မြို့တော်ပုသိမ် သတင်းစဉ်


















မိန်းမတစ်ယောက်အတွက် တကယ်လိုအပ်သည့် ခင်ပွန်းလောင်းက ရင့်ကျက်နေဖို့ဆိုတာ ကျွန်မ မသိခဲ့တာလား…..ဆိုတဲ့ ဇာတ်ကောင်ရဲ့ စဉ်းစားတဲ့ အချက်က မိန်းကလေးတွေအတွက် အဓိက ကျမယ်လို့ထင်ပါတယ်။ ကိုယ့်လက်ထဲရောက်မှ ပုံစံပြင်ယူမယ်ဆိုတာက ရာနှုန်းပြည့်ကြိမ်းသေနိုင်ပါ့မလား…။ အိမ်ထောင်ရေးဆိုတာ မှန်းဆရ ခက်မယ်လို့ထင်မိပါတယ်။ တစ်ဦးနဲ့ တစ်ဦး အပြန်အလှန် နားလည်မှုရှိဖို့ အဓိကျမယ်နဲ့တူတယ်။ နောက်တစ်ခုကတော့ မိန်းကလေးဘက်က ပိုချစ်တယ်ဆိုတာသိသွားရင် ယောက်ျားတွေက အဲဒီချစ်တယ်ဆိုတဲ့ အပေါ်မှာ အမျိုးမျိုး အခွင့်အရေးယူကြတယ်။ အလေးမထားချင်ကြတာ ယောက်ျားတော်တော်များများမှာ ပါလာတဲ့ ဗီဇလားတော့မသိပါဘူး… တွေ့မိသလောက်ပေါ့။
Like or Dislike:
3
0
ညတစ်ညမှာ ရှိတဲ့ အတွေးတွေနဲ့ အမျိုးသမီး တစ်ဦးရဲ့ အိမ်တောင်ရေး မွန်းကျပ်မှုလေးတွေကို လှစ်ပြသွားတာ.. တစ်ကယ့်ကို ပညာပါ ပါတယ်။
စာရေးဆရာက အမျိုးသားဖြစ်နေတော့ အမျိုးသမီးတစ်ယောက်နေရာမှာ အဲဒီလောက် ခံစားပြီး ရေနိုင်တာ တစ်ကယ်ကို လေးစားထိုက်တယ်ဗျာ
Well-loved. Like or Dislike:
7
0
စာရေးဆရာ အဓိကပေးတဲ့ ((မိန်းမတစ်ယောက်က ယောက်ျားတစ်ယောက်ကို လက်တွဲဖို့ဆိုရင် ထိုယောကျာ်းအတွက် လုံလောက်သည့်အချိန်ပေးဖို့လိုသည်။ )) ဆိုတာလေးကို သဘောကျမိတယ်
((ယောက်ျားတွေက အဲဒီချစ်တယ်ဆိုတဲ့ အပေါ်မှာ အမျိုးမျိုး အခွင့်အရေးယူကြတယ်။ အလေးမထားချင်ကြတာ ယောက်ျားတော်တော်များများမှာ ပါလာတဲ့ ဗီဇလားတော့မသိပါဘူး… တွေ့မိသလောက်ပေါ့။))
မကြည်ပြာရေးထားတာလေးလည်း သဘောကျမိတယ်..။ တစ်ကယ်ကို မှန်ပါတယ်ဗျာ။ ဒါပေမယ့် ခက်တာက ချစ်ရင် ဆိုးမှန်းသိရက်နဲ့ ချစ်ချင်နေတာက ပိုဆိုးမယ်ထင်တယ်..။ မချစ်အောင် ကြိုးစားရတာကလည်း အဆိုးဆုံးပဲ နေမှာပါ။
ဒါနဲ့ စကားမစပ်… အမလည်း အတော်အတွေ့အကြုံ တော်တော် စုံပုံရတယ်နော်.. ယောက်ျားတော်တော်များများမှာ ပါလာတဲ့ဗီဇကို အမတွေ့မိသလောက် ရေးထားတာ ဆိုတော့..လေ…။
“မကြည်ပြာနှင့် ကြုံတွေ့ခဲ့သော ယောက်ျာများ” လို့သာရေးရင်.. “မေတ္တာတရားနဲ့ ဖြူစင်မှုလေး ထားလိုက်ပါ” ထက်ရှည်မယ်ထင်တယ်နော်..။ ဖတ်ချင်ပါသေးတယ်… အမရေ.. ။
Like or Dislike:
3
0
ဂွတ်တယ်..။
အခုလိုဘောလုံးရာသီဆို.. အခုလိုယောက်ကျားပြန်လာတာကို စောင့်ရတဲ့ဒုတ်ခက သေးမှာမဟုတ်ဘူး..
ရိုရိုးပြန်လာရင်တော်ရဲ့.. ဘောပွဲရှုံးလို့ အိမ်မှရှိတာတွေ လာမတာဆိုရင်တော့ ရင်ကျိုးရချည်ရဲ့။
Like or Dislike:
0
0
အတွေးကောင်းတဲ့ ၀တ္တုလေးပါ . .
Like or Dislike:
0
0
မိန်းမသား တို. အိမ်ထောင်တစ်ခု ထူထောင်ဖို. စဉ်းစားတဲ့ အချက်တွေကို ထောက်ပြသွားတဲ့ မ ဘီယာ ရေ အဲလေ မှားလို. မ ကြည်ပြာ ရေ……….ပထမ တစ်ချက် ကိုယ့်လက် ထဲရောက်မှ ပုံစံ ပြင်ယူ ရင် ရာနှုန်းပြည့် ရနိုင်ပါတယ်……ဒါပေမယ့် …….ကိုယ့်ခင်ပွန်း ဘာကြိုက်တက်လဲ ဆိုတာတော့သိထားဖို. လိုတယ်လေ…… (ဥပမာ အချို လေး ကျွေး လိုက် လိုချင်တာလေးပြင်လိုက်ပေါ့….) ဘယ်လို အချို မျိုးလဲ ဆို တာတော့ မကြည်ပြာက အသိဆုံး နေမှာပါ…..အဲ ဒုတိယ အချက်ကတော့ မိန်းမသားတို. ချစ်တာကို ဒီခေတ် မှာ လစ်ဟ ပြတာ ပိုများလာပါတယ် ဒါကြောင့် ကိုယ့်ခင်ပွန်းလောင်းကို သူများ လှစ်ဟ ပြတာမခံ ချင်ရင် ကိုယ် ကပဲ လှစ်ဟ ပြပါ……ဒါအကောင်းဆုံးပေါ့ :) နောက်ဆုံး တစ်ခုကတော့……ယောင်္ကျားလေးတွေ ဟာ အလေးမထားတက်တာ မဟုတ်ပါဘူး……..ကိုယ့် ရဲ မိန်းကလေးမှာ အလေး မထားချင်လောက်တဲ့ ချို.ယွင်း ချက်လေး တွေ ပါလာမှသာ အလေးမထားတက် ကျတာပါ……..မိန်းမသားတို.က လည်း ဒီချို.ယွင်း ချက်လေး တွေကို ပြင်ဆင် နိုင် ရင် အကောင်းဆုံးပါ…….
Like or Dislike:
2
0
မဆိုးဘူး။ဒါမျိုးတွေကသိသင့်တယ်။
Like or Dislike:
0
0
ကောင်းကောင်းရေ ကြည်ပြာက ယေဘူယျသဘောတရားကို ပြောပြတာပါ။ ကြည်ပြာ ပတ်ဝန်းကျင်မှာ ရှိနေကြတဲ့ ယောက်ျားလေး မိတ်ဆွေ သုံးလေးယောက်လောက်ရှိပါတယ် အဲဒီသုံးလေးယောက်က ပုံစံတစ်မျိုးစီနဲ့ ကြည်ပြာ အပေါ်မှာပြောခဲ့တဲ့ ပုံစံမျိုး သက်ရောက်နေကြလို့ပါ။
Like or Dislike:
0
0
အိမ်ထောင်ရေးဆိုတာ ချစ်သူဘ၀လိုတော့ ရင်ခုန်စရာတွေနဲ့ပဲ ပြီးသွားမှာမဟုတ်ဘူးပေါ့လေ…။ငယ်တဲ့သူယူထားမိတော့လည်းခွင့်လွှတ်နားလည်ပေါ့..။
လောကမှာတစ်ခုလိုချင်တစ်ခုပေးရတာပါပဲ…။ကိုယ့်အပေါ်ကောင်းစေချင်ရင် ကိုယ်ကအရင်ကောင်းပေးလိုက်…။ခက်တာက လူဆိုတာ ကိုယ့်ကိုယ်ကို သနားစရာအဖြစ်အမြဲမြင်တတ်ကြတာပါပဲ..။
မိန်းမသားတစ်ယောက်ရဲ့ ညတစ်ညကို သရုပ်ဖော်သွားတာတော့ အရေးအသားကိုချီးကျူးပါတယ်…..။
Like or Dislike:
1
0
တော်တော် ရသမြောက်တဲ့ အရေးအသားလေးပါ…
မိန်းမတစ်ယောက်အတွက် တကယ်လိုအပ်သည့် ခင်ပွန်းလောင်းက ရင့်ကျက်နေဖို့ဆိုတာရယ်…
မိန်းမတစ်ယောက်က ယောက်ျားတစ်ယောက်ကို လက်တွဲဖို့ဆိုရင် ထိုယောကျာ်းအတွက် လုံလောက်သည့်အချိန်ပေးဖို့လို တယ် ဆိုတာလေးကိုအရမ်းသဘောကျပါတယ်…
Like or Dislike:
2
1
စာရေးဆရာကမိန်းမဖက်က ခံစားပြီးရေးရတာ ဆိုတော့တော်တော်တော့ စဉ်းစားရခက်မှာ..
ရေးထားတာရသမြောက်လို့ ဖတ်ရင်းတောင် ခံစားရတယ်..
ဒါပေမယ့် မိန်းကလေးဖက်က လုံလောက်တဲ့ အချိန်ပေးဖို့လိုတယ် ဆိုတာထက် ဆုံးမပြီး ဘာကြောင့် ဒီလိုဆုံးမရလဲဆိုတာကို နားလည်အောင် ရှင်းပြသင်ပါတယ် လို့ထင်ပါတယ်..
Like or Dislike:
0
0
မိန်းမတစ်ယောက်က ယောက်ျားတစ်ယောက်ကို လက်တွဲဖို့ဆိုရင် ထိုယောကျာ်းအတွက် လုံလောက်သည့်အချိန်ပေးဖို့လိုသည်။ ထိုအချိန်သည် ယောက်ျားတစ်ယောက် ကောင်းကောင်းရင့်ကျက်ဖို့ပဲဖြစ်သည်……..၊ ဒါလေးကို အရမ်းသဘောကျ တယ်ဗျာ…. တကယ်တော့ ပြောင်းပြန်ပြန် စဥ်းစားဖို့တော့ လိုမယ်ထင်တယ်….
Like or Dislike:
1
0
ရေးထားတာတော်တော်လေးကောင်းပါတယ်……..
မိန်းမတစ်ယောက်အတွက် တကယ်လိုအပ်သည့် ခင်ပွန်းလောင်းက ရင့်ကျက်နေဖို့ဆိုတာရယ်…
မိန်းမတစ်ယောက်က ယောက်ျားတစ်ယောက်ကို လက်တွဲဖို့ဆိုရင် ထိုယောကျာ်းအတွက် လုံလောက်သည့်အချိန်ပေးဖို့လို တယ်…..
ဆိုတဲ့စာသားကိုကြိုက်တယ်….
Like or Dislike:
0
0
အရမ်းတော်ပါတယ် အရေးအသား အရမ်းကောင်းတယ်
း)
ဗဟုသတရစရာတွေ များကြီးပါနေတယ်လေ
မိန်းကလေးတွေအတွက်
Like or Dislike:
0
0
စာက တော်တော်ကောင်းတယ်နော် ယူတတ်ရင် ပညာ ရမယ်
ကိုယ် ဥာဏ်မီသလောက် တွေးကြည့်တာကတော့ အသက် ကွာနေတာရယ် အစကတည်းက အတွေးအခေါ် အယူအဆခြင်း မတူတာ က အဓိက ကျမယ်ထင်တယ် ဒါပေမယ့်လည်းတချို့ တွေ က အသက်ငယ်ပေမယ့် ရင့်ကျက် တဲ့သူတွေ အများကြီးပါ
အသက် တူသည်ဖြစ်စေ အတူသည်ဖြစ်စေ အယူအဆ အတွေး အခေါ်တွေ အနီးစပ်ဆုံးထပ်တူညီမယ် ဆိုရင် ပိုပြီး အိမ်ထောင်ရေးသာယာမယ် ထင်တယ်
Like or Dislike:
1
0