• င၀န်မြစ်ကမ်းခြေ၌

    ကုန်ပေပြန်ဦးပေါ့ တစ်နေ့ တာရယ်…….။
    နီရဲရဲ နေလုံးကြီးကို မလိုတမာသိမ်းပိုက်လို့ နင်သွားပေဦးတော့ပေါ့………

    ……………………။
    ငါကတော့ င၀န်မြစ်ရဲ့ ကမ်းခြေနံဘေးမှာ အလျော့ပေးငေးမေးရင်းနဲ့ ပဲ နင်သယ်ဆောင်သွားတဲ့ နေမင်းကြီးကို အသာလေး ငေးကြည့်နေရမှာပေါ့……….။

    ပြန်ပေဦးတော့ ဗျိုင်းငှက်ကလေးတွေရယ်……………။
    နင်တို့ ရဲ့ သား ၊သမီး ၊မိဘ အဆွေခင်ပွန်းတွေနဲ့ အိပ်တန်းကို ပြန်ကြပေဦး……။ဝေဟင်ထဲမှာ ငြင်သာလွလွ ပျံကြပေဦးပေါ့….။ငါကတော့ ကမ္ဘာအနှံ့ ပျံသန်းနိုင်တဲ့ နင်တို့ရဲ့ ဖြူဖွေးနုညက် တောင်ပံလေးတွေ အားကျရင်း င၀န်မြစ်ကမ်းခြေကနေ မက်မောစွာ ငေးလို့ မော့လို့ ကြည့်နေရဦးမှာပါ………။

    ပြေးလွှားဦးပေါ့ အချိန်ကာလတွေရယ်………..။
    နင့်ရဲ့ ပိုင်ဆိုင်သမျှလက်တံတွေအားလုံး ယူသွားရင်း အလင်းရောင်တွေ မှေးမှိန်စေပြီး င၀န်မြစ်ရဲ့ ညကမ်းခြေဖြစ်ခဲ့ပေါ့…။ငါကတော့ တစစ အမှောင်ရောင် ပျို့လာတဲ့ ရေပြင်ရဲ့အရိပ်ကို အဟပ်ခံရင်း တရွေ့ရွေ့ပြေးနေတဲ့ ဗေဒါကလေးတွေကို ၀မ်းနည်းစွာ ငေးစိုက်ကြည့်နေရမှာပါ….။

    ကုန်ကြပေဦး……….
    ပြန်ကြပေဦး.……….
    ပြေးလွှားကြပေးဦးပေါ့ကွယ်..………

    ကမ္ဘာလောကကြီးရယ်….. နေလုံးကြီးရယ်… ဗျိုင်းငှက်ကလေးတွေရယ်……… အချိန်လောကကြီးရယ်….. အားလုံးကို ခေါ်ဆောင်သွားပေဦးတော့ ကွယ်………။
    တိတ်ဆိတ်နေတဲ့ င၀န်မြစ်ရဲ့ကမ်းခြေနံဘေးမှာ နင်တို့ရဲ့ ငြိမ်ငြိမ်သက်သက် ခေါ်သွားခန်းကို ဖွဖွလေး ငေးကြည့်နေပါ့မယ်….။

    ငါ့ရင်ထဲက မျက်ရည်လေးတစ်စက်အတွက်နဲ့တော့ နင်တို့ စိတ်အနှောက်အယှက် မဖြစ်ကြပါနဲ့ဟယ်..…။

    **************************************************************************

    ဒီနေရာကိုရောက်တိုင်း…. ဒီအချိန်ကိုရောက်တိုင်း……. ဒီလိုအနောက်ဘက်ကမ်းကို နေလုံးကြီး တူတူပုန်းတိုင်း ဖြူမ ငိုချင်နေဆဲ….. သတိရဆဲပါ ဦးဦး…..။
    အခု အချိန်ဆို ဦးဦး ဘယ်ကိုများရောက်နေမလဲ…..။ ဖြူမ သိချင်လိုက်တာ…။ စိတ်ကောင်းရှိတဲ့သူတွေဟာ နတ်ပြည်ရောက်တယ်လို့ ဖေဖေက ပြောခဲ့ဖူးတယ်….။ ဖြူမ ယုံကြည်နေပါတယ် ဦးဦးရယ်…။ ဦးဦး ဟာ ဟိုး….. အထက်က သာယာလှပတဲ့ နတ်သိကြားတွေရဲ့ဘုံဗိမာန်မှာ ပြုံးပြုံးကလေး လှပတဲ့နတ်သားကလေး ဖြစ်နေမှာပါ…။ ပြုံးနေတဲ့ ဦးဦးရဲ့အသွင်ဟာ ဘယ်လိုများရှိမှာပါလိမ့်…။ မုတ်ဆိတ်ကျင်စွယ် ထိုးထိုးထောင်ထောင်တွေ ကင်းမဲ့ပြီး ချောမွတ်နေတဲ့ မျက်နှာမှာ အားကိုးချစ်ခင်စရာ ကောင်းလှမှာ အမှန်ပါပဲနော်…..။

    လူတွေက ဦးဦးကို ကြောက်ကြတယ်…။ အရက်ခိုးဝေနေတဲ့ မျက်လုံးနီနီကြီး……. ဆံပင်ဘုတ်သိုက်သိုက်….. တစ်ထည်တည်းသော အစိမ်းရောင် စစ်အင်္ကျီကြီးနဲ့ ဦးဦး ကိုနှာခေါင်းရှုံ့ချင်ကြတယ်….။ တစ်နေရာကို ကြာမြင့်စွာ စိုက်ကြည့်နေတတ်ရင် အရက်ကြောင့်နီနေတဲ့ မျက်လုံးတွေဟာ စူးရှပြီး မာကျောတတ်လို့ အလိုလိုရွံ့ နေကြတယ်…။ ဒါပေမယ့် ဒီအထဲမှာ ဖြူမ မပါပါဘူးနော် ဦးဦး…။ ပြီးတော့လူတိုင်းကို ဒေါသမျက်လုံးနဲ့ ကြည့်တတ်တဲ့ ဦးဦးဟာ ဖြူမကိုလည်း ဒေါသလွှမ်းပြီး ကြည့်ခဲ့ပေမယ့် နောက်တော့လည်း အရမ်းချစ်ခင်သွားရတာကို ဦးဦး မငြင်းရဘူးနော်……။

    တကယ်တော့ လူတိုင်းကို ပြုံးပြုံးလေးနဲ့ ဆက်ဆံတတ်ပေမယ့် ဖြူမဟာ ပေါ်လီယာနာ မဟုတ်ခဲ့တော့ တစ်ခါတရံတော့လည်း စိတ်အလိုမကျ အခန့် မသင့် စိတ်ဆိုး ဒေါသထွက်ခဲ့ဖူးတာပေါ့….။
    အဲဒါကြောင့်ပဲ ဦးဦးနဲ့ ဆုံခဲ့ရတာလေ…..။ ဖြူမမှာလေ ရုံးဝန်ထမ်းတွေဖြစ်တဲ့ ဖေဖေနဲ့ မေမေ ကလွဲရင် တခြားမွေးချင်းပေါက်ဖော် ညီအစ်ကိုမောင်နှစ်မတွေ မရှိပါဘူး….။ အဖော်အပေါင်း ကင်းမဲ့ပြီး ကစားဖော်မရှိ…ဘာမရှိနဲ့ သိပ်ကို အထီးကျန်စရာ ကောင်းတာပဲ ဦးဦးရယ်….။
    ဖြူမ မောင်လေး…. ညီမလေး လိုချင်တာ ဆန်းသလား ဦးဦး….။ မေမေ့ကို မောင်လေး…ညီမလေး ထပ်မွေးပေးပါလို့ ဖြူမတောင်းဆိုတော့ မေမေက ရင်ဘတ်ကိုလက်နဲ့ ဖိတယ်……။ စိတ်တိုဒေါသကြီးတဲ့ ဖေဖေက ဖြူမ ကို အော်ငေါက် ဆူပူလိုက်တာများ…. ဖြူမ ၀မ်းနည်းလိုက်တာ…..။

    ဖြူမလည်း ဘာမှမသိရပဲနဲ့ ဦးဦးရယ်….။ ဖြူမကိုတောင် မေမေက အသက်လုပြီးမွေးထားရတာတဲ့…။ နောက်ထပ် ကလေးမွေးခိုင်းတာ မေမေ့ကို သေခိုင်းတာနဲ့ အတူတူပဲတဲ့….။ ဖြူမ မေမေ့ကို မသေစေချင်ပါဘူး….။ ဖြူမ မောင်လေး… ညီမလေး လိုချင်တာပါ…..။ အဲဒီ့နှလုံးရောဂါကြီးဆိုတာ ကလေးမွေးရင် ဘာကြောင့် သေတာလဲလို့ အဲဒီ့အချိန်က ဖြူမ မသိခဲ့ရိုးအမှန်ပါ….ဦးဦး….။ ဖေဖေ နဲ့ မေမေ ကိုဒေါသထွက်စိတ်ကောက်ပြီး င၀န်မြစ်ကမ်းခြေကို ဖြူမ ထွက်လာခဲ့တယ်…..။ ဖြူမ တို့ အိမ်နဲ့ မြစ်က သိပ်မဝေးပါဘူး….။ နီးနီးလေးပါ…….။

    စိတ်ဆိုးရင် ဘယ်သူ့ကို ဒေါသထွက်ရမှန်းမသိဘဲ မြေကြီးကိုသာ ခပ်ကြမ်းကြမ်းဆောင့်နင်းရင်း ဖြူမ လျှောက်လာနေမိတယ်…..။ စိတ်ဆိုးတော့လည်း ပတ်ဝန်းကျင်ကို သိပ်မမြင်မိဘူးပေါ့…။ အဲဒါကြောင့်လည်း မဲခဲနေတဲ့ လှေတွေခြေရင်း ကမ်းစပ်မှာ မည်းညစ်ညစ် အင်္ကျီကြီး ၀တ်လို့ မူးပြီး အိပ်ပျော်နေတဲ့ ဦးဦးကို တက်နင်းမိတာပေါ့….။ ဦးဦး ရယ်လေ ဖြူမကိုမျက်ထောင့်နီကြီးနဲ့ ကြည့်ပြီး ဒေါသတကြီး အော်ဟစ်လိုက်တာများ စစချင်းတော့ ဖြူမလည်း လန့်ဖျပ်သွားတာပဲ….။ နောက်တော့ အိမ်မှာလည်း အော်ငေါက်ခံထားရလို့ မကျေနပ်တဲ့ အရှိန်လေးဟာ ခေါင်းပြူလာတယ်နဲ့ ထင်ပါရဲ့ ….။ ဖြူမ ပြန်အော်တာကို နောင်မှ ဦးဦး ပြန်ပြောပြလို့ သိရတော့ ဖင်ကုန်းပြီး အာခေါင်ခြစ်အော်တာတဲ့………။ အဲဒီ့ကတည်းက ဦးဦးက နည်းနည်းရယ်ချင်ပြီး ဖြူမကို စိတ်မဆိုးတော့ဘူးဆိုပဲ…။ ဖြူမကတော့ မသိပါဘူး….။ ခွန်းတုံ့ မပြန်ဘဲ ငေးကြည့်နေတဲ့ ဦးဦးကို ရန်တွေ့ ရင်း ဖြူမ၀မ်းနည်းလာတယ်….။ တကယ်က အိမ်မှာကတည်းက ငိုချင်နေတာလေ…။ ဦးဦး နဲ့ ရန်ဖြစ်ရတော့ ငိုလို့ ရသွားတာပေါ့…..။

    ဖြူမ ငိုတာတွေ့ တော့ ဦးဦး အံ့အားတသင့်ဖြစ်သွားတယ်နော်….။ ငိုရင်..ငိုရင်း……အရှိန်ရလာတဲ့ ဖြူမဟာ သဲသောင်ပြင်ပေါ် ခြေစင်းထိုင်ပြီး ဖေဖေ…မေမေ တို့ကို မကျေနပ်တဲ့အကြောင်း ဦးဦးကို မိတ်ဆွေရင်းချာ တစ်ယောက်သဖွယ် သွန်ပြနေမိတယ်…..။ ဦးဦး ကငြိမ်ငြိမ်လေး နားထောင်နေတာပါပဲ…..။ ဖြူမ ငိုတာ ပြောတာတွေ အရှိန်စဲတော့မှ ဦးဦးက ခပ်ပြုံးပြုံးနဲ့ ဖြူမခေါင်းကို တစ်ချက်ပုတ်ပြီးပြောတယ်…….။

    “ဒါ ငိုစရာလား သမီးရယ်….သမီးဖေဖေတို့ က ရုတ်တရက်ဆိုတော့ဒေါသထွက်ပြီး အော်တာပေါ့ မဟုတ်ဘူးလား…”

    အဲဒီ့နေ့ က ဦးဦး အချော့ကောင်းလို့လား…. ဖြူမ ပဲ ငိုလို့ ၀ပြီး စိတ်ပြေသွားတာလား မသိပါဘူး….။ အစက စိတ်ဆိုးပြီးငိုနေတာ… ဖြူမ မဟုတ်တော့သလိုပဲ ပျော်ရွှင်လာတယ်….။ ပြီးတော့ ဦးဦး ဆောက်ပေးတဲ့ကျောက်စရစ်ခဲလေးတွေနဲ့ အိမ်ကလေးကို ကြည့်ရင်း လက်ခုပ်လက်ဝါးတီး..ပျော်ခဲ့ရတာလဲ ဖြူမ ပဲပေါ့……။ အဲဒီ့နေ့ က င၀န်မြစ်ကမ်းဘေးကနေ ဖြူမ နေအတော်စောင်းမှ ပြန်ခဲ့တယ်….။ မေမေ တို့ ကတော့ စိတ်ပူလို့ ဆူတယ်…။ ဒါပေမယ့် ဖြူမ ပျော်ပါတယ်……..။ ခင်မင်စရာ ကောင်းတဲ့ ဦးဦးနဲ့ ခင်မင်ခွင့်ရခဲ့လို့လေ………….။

    လေပြေကလေးက ညှင်းညှင်းသွဲ့ သွဲ့  သိမ့်ကနဲ တိုက်ခတ်သွားတယ် ဦးဦး….။ အင်္ကျီ လက်တိုလေးနဲ့ ဖြူမ အေးသွားတယ်…..။ သတိရမိလိုက်တာ ဦးဦးရယ်……။ အနွေးထည် မရှိဘဲ စစ်အင်္ကျီ လက်ပြတ်ကြီးနဲ့ ဦးဦးကို ဖြူမ တစ်ခါမေးခဲ့ဖူးသေးတယ်….။

    “ဦးဦး မချမ်းဘူးလားဟင်…..”

    ဦးဦးက ဖြူမကို ပြုံးပြီးပြောတယ်…။ မချမ်းပါဘူး……။ အမြဲတမ်း ဒီလိုပဲနေနေတာ…..ကျင့်သားရနေပြီဆိုပဲ…..။ ဖြူမ အံ့သြသွားတာပေါ့…..။ ဖြူမဆို အနွေးထည် မ၀တ်ရင် မေမေ ကမြည်တွန်နေတတ်တာ….။ ဦးဦးမေမေကရော မဆူဘူးလား ဆိုတော့ ဦးဦးမျက်နှာတည်သွားတယ်….။ မျက်ဝန်းတွေမှုန်မှိုင်းသွားတယ်…….။ အကြာကြီးပဲ ဘာစကားမှမပြောတော့ဘူး…..။ ဟိုး….  အဝေးကိုငေးကြည့်နေတာ………….။ ဖြူမလည်း ဦးဦးငေးနေတဲ့ မြစ်ပြင်ကျယ်ကြီးကို လိုက်ငေးရင်း ရင်ထဲဝမ်းနည်းလာမိတယ်…။ နေညိုညို ပုဇွန်ဆီရောင် သမ်းနေတဲ့ င၀န်မြစ်ကြီးကို ကြည့်ရတာ တစ်မျိုးပဲ ဦးဦး ရယ်…..။ ရင်ထဲမှာ လွမ်းမိသလိုလို…။ အဝေးကို ငေးနေရင်း တော်တော်ကြာတော့ ဦးဦးက အသက်မဲ့နေသူတစ်ယောက်လို ဖြူမ ကိုပြောတယ်……။

    “လွန်ခဲ့တဲ့နှစ်နှစ်လောက်က ဦးဦးတို့ ရက်ကွက်ကလေး မီးလောင်တယ်….။မီးလောင်နေတဲ့အချိန် ဦးဦး အိမ်မှာမရှိဘူး……..။ အပြင်ကို သွားနေမိတယ်…….အဲဒီ့မှာ………………….”

    “အဲဒီ့မှာ ဘာဖြစ်သလဲဟင် ဦးဦး..”

    “နေမကောင်းဖြစ်နေတဲ့ အမေရယ်……။ ကိုယ်ဝန်အရင့်အမာနဲ့ ဇနီးသည်ရယ်…မီးထဲမှာ ပိတ်မိပြီး……..”

    “..အို……”

    ဦးဦး အသံဟာ တိမ်ဝင်သွားတယ်….။ မျက်လုံးတွေ တဖျပ်ဖျပ်………။ဖြူမ ရယ်လေ….ရင်ထဲမှာ ဆို့ နင့်ကြေကွဲနေမိတယ်….ဦးဦး ရယ်…….။ ဒါပေမယ့် သိချင်စိတ်တစ်ခုက ဖြူမကို နှိုးဆွနေလို့ ဦးဦးကို မေးခဲ့ရသေးတယ်…..။ အို….အဲဒါကြောင့် ဦးဦး ပိုပြီးကြေကွဲသွားရတာ တွေ့ ရတော့ စိတ်မကောင်းလိုက်တာ………………………။

    “ဟို…..မီး လောင်တာသိတော့ တံခါးဖွင့်ပြီး ထွက်မပြေးဘူးလား…”

    ဦးဦး  ခေါင်းငိုက်စိုက်ကျသွားတယ်…….။ ဆို့ နင့်နေတဲ့လေသံနဲ့  ခပ်သဲသဲ့လေး ပြောတယ်….။

    “အမေနဲ့ ဇနီးကို စိတ်မချတော့ အိမ်တံခါး သော့ခတ်ခဲ့မိတယ် ဖြူမရယ်…..”

    ဦးဦး စကားအဆုံး အလျှံငြီးငြီး တောက်လောင်နေတဲ့ မီးတောက်တွေ……..အဲဒီ့မီးတောက်တွေအလယ်မှာ ကြံငှာမရ ကြောက်ရွံ့တုန်လှုပ်နေရရှာတဲ့ အဖွားအို တစ်ယောက်နဲ့ မိန်းမရွယ် တစ်ယောက်ကို ဖြူမ မြင်ယောင်ခဲ့မိတယ်…..။ အရင့်အမာရှိနေတဲ့ ကိုယ်ဝန်ထဲက ကလေးလေးကရော……………………………..။ ဖြူမ ရင်ထဲ ကျဉ်ကနဲ…….။ မီးတောက်တွေကို လည်စင်းခံပြီး အသက်ပေးသွားရရှာတဲ့ အသက်သုံးခုအကြောင်းကိုတွေးမိပြီး……. ဖြူမ.. ဖြူမ………..၀မ်းနည်းလိုက်ရတာ ဦးဦး ရယ်……….။

    ရက်စက်လိုက်တဲ့ ကံကြမ္မာဟယ်……………။
    ရက်စက်လိုက်တဲ့ မီးတောက်တွေရယ်……….။
    နောက် မရွည်ရွယ်ပေမယ့် သွယ်ဝိုက်ပြီး ရက်စက်စေခဲ့တဲ့ ဦးဦးရယ်………။

    ဖြူမ ရင်ထဲတစ်စုံတစ်ရာမှ မပြောနိုင်လောက်အောင် ဆို့ နင့်နေခဲ့တာပါ။ ဦးဦး ဟာအခါတိုင်းထက် ပိုမိုရင့်ရော်နေတဲ့မျက်နှာသွင်ပြင်နဲ့ ကြေကွဲနာကျင်ဟန်ကို အထင်းသား မြင်နေရတယ်။ အဲဒီ့နေ့က နေလုံးကြီးဝင်သွားတဲ့အထိ ဖြူမတို့ စကားမပြောဖြစ်ခဲ့ကြဘူး။ ဖြူမ အိမ်ကို ပြန်တဲ့အထိ ဦးဦးက ကမ်းစပ်မှာ ထိုင်နေတုန်းပဲ။ ဟိုး.. အဝေးကို ငေးနေတုန်းပဲ…..။ ဖြူမ ကပြန်မယ်လို့ နှုတ်ဆက်တာတောင် ကြားဟန်မတူပါဘူး။ မျက်ရည်တွေ ဝေ့သီနေပြီး တွေတွေငေးငေးနဲ့ …….။

    **************************************************************************

    ဟော…. ဖြူမ ရွှံ့နဲ့ အရုပ်ကလေးတစ်ရုပ်လုပ်လို့ ပြီးသွားပြီ။ ပစ်တိုင်းထောင်ရုပ်ကလေးပါ။ ဦးဦးပြောဖူးတယ်လေ ။ ဘ၀ကို ကြံ့ကြံ့ခံနိုင်ဖို့ ပစ်တိုင်းထောင် အရုပ်ကလေးလို နေရမယ်လို့။ ပစ်လိုက်တိုင်း ပြုံးပြပြီး ထောင်နေတတ်တဲ့ ပစ်တိုင်းထောင် အရုပ်ကလေးကို ဦးဦးအမြဲတမ်း  ဂုဏ်ယူခဲ့တာမလား ။ ဖြူမကိုလည်း ဂုဏ်ယူတတ်အောင် သင်ခဲ့လို့ အခုဖြူမ ဂုဏ်ယူနေတတ်ပါပြီ  ။

    လေတွေတိုက်လာပြန်ပြီ ဦးဦးရယ်…..။ ဖြူမ ချမ်းလာပြီ ။ ဖြူမ လုပ်တဲ့ ပစ်တိုင်းထောင် အရုပ်ကလေးကတော့ ခြောက်သွေ့သွားမှာပဲ ဦးဦးရေ….။ ဒီအရုပ်လေး ခြောက်သွေ့သွားရင် ဦးဦးရှိတဲ့နေရာကို ဖြူမ ပို့ လိုက်မယ်နော် ။ ရောက်တဲ့ အရပ်မှာ ပစ်တိုင်းထောင်အရုပ်ကလေးကို ကြည့်ပြီး ဦးဦး ၀မ်းသာရအောင်ပါ ဦးဦးရယ်။ မိုးကောင်းကင်ကြီးမှာ ပျံသန်းနေတဲ့ ငှက်ကလေးတွေကို ဦးဦးဆီ လမ်းကြုံရင် ဖြူမ မှာချင်ပါတယ် ။ ဦးဦး ဖြစ်စေချင်တဲ့ ၊ မျှော်မှန်းခဲ့တဲ့ ပညာတတ်ကြီးတစ်ယောက်ဖြစ်အောင် ဖြူမ ကြိုးစားနေပါတယ် လို့ ပါ ။ ဒီစကားကို ကြားရရင် ဦးဦး ၀မ်းသာလေမလား ။ ဦးဦး ပြုံးနေမှာပေါ့နော် ။ ဖြူမ သိပါတယ် ။ ဦးဦးဟာ အေးအေးချမ်းချမ်းနဲ့ သိပ်ပြုံးတတ်တာပေါ့ ။

    ဦးဦးဟာ ဘာကြောင့် မြစ်ကမ်းဘေးမှာ ထာဝစဉ် ငေးမောနေရသလဲ ဖြူမ မသိပါဘူး ။ သန့်ပြန့်တဲ့ သွင်ပြင်ရှိတဲ့ ဦးဦးဟာ စုတ်ပြတ်တဲ့ အရက်သမားကြီးပုံ ပေါက်နေတာလည်း ဖြူမ နားမလည်ပါဘူး ။ ဒါပေမယ့် ဦးဦး နှုတ်ဖျားကနေ “ကိုယ့်ကိုကိုယ် ဘယ်တော့မှ ခွင့်မလွှတ်ဘူး” ဆိုတာရယ်၊ “အပြစ်တွေ ပေးဆပ်ချင်လိုက်တာ”  ဆိုတာရယ် ခဏ ခဏ ရေရွတ်တတ်တာတော့ ဖြူမ သိတာပေါ့ ။ ဘာကြောင့်မှန်း မသိပါဘူး ။ ဦးဦး အဲဒီ့လို ရေရွတ်ရင် ဖြူမ အရမ်းငိုချင်တာပဲ ။ အဲဒီ့စကားတွေ ရေရွတ်ရင် ဦးဦး မျက်နှာဟာ တင်းမာနေပြီး မျက်လုံးတွေက နီကြောင်နေတယ် ။ တစ်ခါတရံတော့လည်း ဖြူမ ကြောက်မိတတ်ပါတယ် ။ ဒါပေမယ့် ခဏပါပဲ ။ ဖြူမ ကြောက်မျန်း သိရင် ဦးဦးက ပြန်ပြုံးပြလာတာပဲဟာ ။ နောက်တော့လည်း ဖြူမ ရိုးသွားတာပါပဲ ။ ဦးဦး ဟာ ဘယ်လိုအသွင်သဏ္ဍန်ပဲ ဖြစ်ဖြစ် ဖြူမကို အရုပ်ကလေးတွေ လုပ်ပေးတဲ့  ပုံပြင်လေးတွေ ပြောပြတဲ့ ၊ ကျောက်စရစ်ခဲနဲ့ အိမ်ကလေးတွေ ဆောက်ပြတတ်တဲ့ ဦးဦးပဲဟာ ။ ပြီးတော့ ကောက်ညှင်း အရမ်းကြိုက်တတ်တဲ့ ဖြူမ အတွက် ကောက်ညှင်းထုပ် သေးသေးလေးတွေ အတွဲလိုက် ပေးတတ်တာလည်း ဦးဦးပဲလေ ။

    ဒါတွေကို ဖြူမ ဘယ်တော့မှ မမေ့ပါဘူး ။ မေ့လို့ လည်း ရမှာ မဟုတ်ပါဘူး ဦးဦး ရယ် ။

    ************************************************************************************

    င၀န်မြစ်ပြင်ဟာ လှိုင်းကြက်ခွပ်လေးတွေ ပြေးနေတယ် ။ ညနေခင်းရဲ့ နေရောင်ခြည်အောက်မှာ တလက်လက် တောက်ပလေနေရဲ့။ မြစ်ပြင်ကျယ်မှာ လှေသမဈာန်လေးတွေကလည်း ဟိုသည် ပြေးလွှား ယောက်ယက်ခတ်နေကြတယ်လေ ။ မဆီမဆိုင်မှန်း သိပေမယ့် အဲဒီ့လှေလေးတွေထဲမှာ ဦးဦးများ ရှိလေမလား ဖြူမရှာမိနေသေးတယ်။ အဲဒီ့လှေကလေးတွေ ဖြူမ မမြင်ချင်ပါဘူး ဦးဦး ။ အခု ဖြူမ လှေလည်း မစီးချင်တော့ပါဘူး ။ လှေကလေးတွေ မြင်ရင် ဖြူမ ငိုချင်မိတယ် ။ ဒီလှေကလေးတွေရဲ့အောက် မြစ်ကြမ်းပြင်မှာ ဦးဦးရှိနေမှာပါ ။ ဖြူမ အသက်ရှင်တာတွေ့ ရင် ဦးဦး ပြုံးနေမှာ ။ ဟုတ်တယ်မလားဟင်  ဦးဦး ။

    အဲဒီ့နေ့က ရာသီဥတုသာယာတဲ့နေ့ တစ်နေ့ ပေါ့နော် ဦးဦး ။ ရေကြောက်ပေမယ့် လှေစီးချင်တဲ့ ဖြူမဟာ ဦးဦးကို ပူဆာခဲ့တယ် ။ ဦးဦး ကဖြူမကို လိုက်လျောခဲ့တာပါပဲ ။ ဖြူမတို့တွေဟာ လှေငယ်လေးတစ်စင်းနဲ့ မြစ်ပြင်ကို လှေစီးထွက်ခဲ့ကြတယ် ။ လှေသမား မပါဘဲ ရေစုန်အတိုင်း လာခဲ့တာပေါ့ ။ မလှော်တတ် ၊လှော်တတ်နဲ့ ဦးဦးက တွန့် ဆုတ် တွန့် ဆုတ် လှော်ပြီး  ဖြူမကတော့ ကလေးပီပီ ပျော်ရွှင်လို့ သာနေခဲ့တာလေ ။ လှေထဲမှာ တဟေးဟေးနဲ့ လှုပ်လှုပ်ရွရွလုပ်နေခဲ့လို့ ဦးဦးကတောင် လှမ်းဟန့် ရသေးတယ် ။ ဖြူမတို့ လှေကလေးဟာ တ၀ဲလည်လည်နဲ့ မြစ်လယ်ရောက်ခါနီးမှာ ရန်ကုန်သဘောင်္ကြီး တစ်စီးက မြစ်လယ်ကနေ အရှိန်နဲ့ ဖြတ်သွားတယ် ။ အစကတည်းက ဟန်ချက်မညီတဲ့ လှေငယ်ကလေးဟာ သဘောင်္အရှိန်နဲ့ တံပိုးထသွားတဲ့ မြစ်ရေပြင်ကြောင့် တိမ်းလုနီးနီး ဖြစ်သွားတယ်  ။ ဖြူမ ရယ်လေ ဘယ်က ဘယ်လိုဖြစ်ပြီး လန့်ဖြန့် မတ်တပ်ရပ်လိုက်တာ တစ်ခါတည်း ရေလှိုင်းအရှိန်နဲ့ လှေကလေး မြောက်အတက် ဖြူမ ရဲ့ နှာခေါင်း ၊ပါးစပ် ၊နား ၊ မျက်စိတွေထဲ ရေတွေ ၀င်ကုန်တယ် ။ ဖြူမ ကြောက်လန့် တကြားရုန်းကန်နေပေမယ့် ခြေတွေ ၊လက်တွေ လေးလေးလာတယ် ။ ဖြူမ အသိဥာဏ်တွေ ပျောက်ဆုံးလုနီး နောက်ဆုံးကြားလိုက်ရတာ ဖြူမရဲ့ နာမည်ခေါ်သံပါပဲံ ။ နောက်တော့ ဖြူမ အသိဥာဏ်တွေထဲမှာ ရေတွေသာ ။

    အတွေးထဲကနေ ဖျတ်ကနဲရုန်းထွက်ပြီး လှေကလေးတွေနဲ့ ဝေးရာဘက်ကို ပြန်ငေးကြည့်မိတယ် ။ ဖြူမ ပြန်မတွေးချင်ပါဘူး ဦးဦးရယ် ။ ဦးဦးကလည်း တွေးစေချင်မှာ မဟုတ်ပါဘူး ။ ဘုရား..ဘုရား…..လှေကလေးတွေ ယိမ်းလို့ နေပါလား ဦးဦးရယ် ။ ဖြူမ စိုးရိမ်လိုက်တာ ။ ဒါပေမယ့် သူတို့ကျွမ်းကျင်ကြတယ် ဦးဦး ။ လှေထဲက ဘယ်ကလေးမှလည်း ခြေချော်မကျပါဘူး ။ ဘယ်သူမှ ဘာမှ မဖြစ်ကြပါဘူး ဦးဦး င၀န်မြစ်ရေဟာ ပြန်တည်ငြိမ်သွားပါပြီ ။

    ငှက်သေးသေးလေး တစ်ကောင်ဟာ ဖြူမ နားမှာ လာနားတယ် ။ ငြိမ်ငြိမ်ကလေး ။ ဖြူမလိုပဲ မြစ်ပြင်ကျယ်ကို ငေးလို့။ ငှက်ကလေးမှာကော ဖြူမလို တွေးစရာတွေ ရှိနေလား ၊ကြေကွဲစရာတွေ ရှိနေလား ။ ငှက်ကလေးရဲ့ မျက်လုံးလေးတွေဟာ တဖိတ်ဖိတ်တောက်လို့၊ နှုတ်သီးရဲရဲလေးတွေကလည်း စိုနေတယ် ။ ခဏအကြာတော့ ငှက်ကလေးက ထပျံသွားရော ။ ဖြူမ ရင်ထဲဟာကနဲ ….။ ဒီလိုပါပဲ ဦးဦးလည်း ဖြူမနားကနေ ထပျံသွားတာပဲနော်။

    ဦးဦး ရယ်….. နုနယ်ငယ်ရွယ်တဲ့ ကလေးလေး တစ်ယောက်ရဲ့ ရင်ထဲမှာ သည်အဖြစ်အပျက်ကြီးဟာ သံမှိုစွဲသလို မြဲခိုင်နေခဲ့ပြီ ဆိုတာ ဦးဦး သိနိုင်ပါ့မလား ။ စိတ်ကောင်းရှိတဲ့ ဖြူမ ရဲ့ ဦးဦးဟာ တမလွန်ရဲ့ကောင်းကင်ဘုံကနေပြီးတော့ ဖြူမကို သနားကြင်နာစွာ ငေးကြည့်နေဦးမှာလား။ ဖြေပေးပါဦး ဦးဦးရယ် ။ ဖြူမ သိချင်လှပါတယ် ။ ဖြူမ ရေထဲ ကျသွားတော့ ရေမကူးတတ်ဘဲနဲ့ ဘာလို့ များ လိုက်ဆယ်ဖို့ ကြိုးစားရတာလဲဟင် ။စိုးရိမ်တကြီး ဖြူမ ကို လိုက်ဆယ်ဖို့ ကြိုးစားရင်း ဦးဦး ကိုယ်တိုင် အသက်ဆုံးရှုံးခဲ့ရတာ အို…ဖြူမ တွေးမိတိုင်း ကြေကွဲမိပါတယ် ။ ကမ်းခြေက လှေသမားကြီးတွေဟာ ဖြူမကို ကယ်တင်နိုင်ခဲ့ပေမယ့် ဦးဦး ကိုတော့ မကယ်တင်လိုက်နိုင်ခဲ့ဘူးနော်။ ဦးဦး ပြောခဲ့ဖူးသလို ကံကြမ္မာဟာ မထင်မှတ်တာတွေ ဖြစ်ခဲ့တယ်လို့ပဲ ပြောရမလား ။ ဒါမှ မဟုတ်..အို..ဦးဦး ရယ်… ဒီတိုက်ဆိုင်မှုကိုတော့ ဖြူမ မယုံကြည်ပါရစေနဲ့ ။

    င၀န်မြစ်ကမ်းနံဘေး နှစ်ရှည်လများ “အပြစ်တွေပေးဆပ်ချင်တယ်” ဆိုတဲ့ရေရွတ်သံဟာ င၀န်မြစ်ကမ်းတလျှောက် ပဲ့တင်ဟပ်ပြီး ဦးဦးကို.. ဦးဦးကို ရိုက်ခတ်ခဲ့ပြီလားရှင်။ ဦးဦးရဲ့ မိခင်ကြီးနဲ့ ဇနီးသည်ရယ် ၊ အကောင်အထည်မသိရတဲ့ ကလေးလေးရယ်အတွက် င၀န်မြစ်ကြီးက ဦးဦးဆန္ဒတွေ ဖြည့်ဆည်းပေးခဲ့ပြီလား ။ ဒီတိုက်ဆိုင်မှုကိုတော့ ဖြူမ လက်မခံပါရစေနဲ့  ။ မွန်းကျပ်လှတဲ့ရေတွေကြားမှာ တွန်းထိုးရုန်းကန်နေရရှာမယ့် ဦးဦးကို မြင်ယောင်ရင်း ဖြူမ နာကျင်မိပါတယ် ။

    ခုတော့ ဖြူမတစ်ယောက်တည်းရယ်လေ ဦးဦးရယ် ။ င၀န်မြစ်ကမ်းနံဘေးမှာ ဖြူမတစ်ယောက်တည်းပေါ့ ။ ဖြူမ လုပ်တဲ့ပစ်တိုင်းထောင်ရုပ်ကလေး ပြီးသွားပြီ ။ ဦးဦး လုပ်တာလောက်တော့ မလှဘူးပေါ့နော်။ ကျောက်စရစ်ခဲလေးတွေနဲ့ အိမ်ကလေးဆောက်ပြီးသွားပြီ။ ဦးဦး ဆောက်ပေးတာလောက်တော့ မလှပါဘူး ။ ဈေးက၀ယ်လာတဲ့ ကောက်ညှင်းထုပ် သေးသေးလေးတွေလည်း ဖြူမ လက်ထဲမှာလေ ဦးဦး ။ ဖြူမ မစားချင်ပါဘူး ။ ရင်ထဲမှာ ပြည့်နေတယ် ။ ပြီးတော့ ငိုချင်နေမိတယ် ဦးဦးရယ်  ။

    ကောက်ညှင်းထုပ်ကလေးတွေရယ် ၊ ပစ်တိုင်းထောင် အရုပ်ကလေးရယ် ဖြူမ ကိုင်ထားပါတယ် ။ ဦးဦး ရှိတဲ့နေရာကို ဖြူမ ပို့ ပေးမယ်နော် ။ ဖြူမလေ လေထဲမှာအားကုန်ယမ်းပြိး င၀န်မြစ်ပြင်ကျယ်ထဲလွှဲပစ်လိုက်တယ် ။ မြစ်အောက်ကြမ်းပြင်ကို ကောက်ညှင်းထုပ်ကလေးတွေနဲ့ ပစ်တိုင်းထောင် အရုပ်ကလေးတရွေ့ရွေ့ ကျဆင်းသွားလိမ့်မယ် ။ အဲဒီ့နေရာမှာ ဦးဦး ရှိနေမှာပါနော် ။ နေလုံးကြီး တဖြည်းဖြည်း ဖြူမ မျက်ဝန်းကနေ ကွယ်ပျောက်တော့မယ် ။ ကျောက်စရစ်အိမ်ကလေးနားမှာ ဒူးထောက်ထိုင်ချရင်း ဦးဦးအတွက် ဆုတောင်းမေတ္တာတွေ ပို့သနေတယ် ။

    နားထောင်လိုက်ပါ ဦးဦး ။ မျက်စိကိုမှိတ်ပြီး တိုးဖွဖွ ဆုတောင်းမေတ္တာပို့ နေတဲ့ ဖြူမရဲ့ တေးသံကို အာရုံပြုပြီး နားထောင်လိုက်ပါ ။ ဦးဦးရဲ့ ဝိညာဉ်တည်ရှိနေတဲ့ ကောင်းကင်ဘုံကနေ ဖြူမ အသံကို နားစွင့်လိုက်ပါ ။ ကမ္ဘာမြေမှာ ကလေးလေးတစ်ယောက်ဟာ ဦးဦးအတွက် သူ့ ရဲ့ ကုသိုလ်ကောင်းမှုတွေ ဝေမျှနေပါတယ် ။ သူ့ စိတ်အာရုံကိုညွှတ်ပြီး ဆုတောင်းမေတ္တာ ပို့သနေပါတယ် ။ ပြီးတော့ ပညာတတ်ကြီး ဖြစ်အောင် လုပ်ပါ့မယ်လို့လည်း ကတိပေးနေပါတယ်။

    နားထောင်လိုက်ပါဦးဦး ၊ ကောင်းကင်ဘုံကနေ အာရုံပြု နားထောင်လိုက်ပါ ။ ကလေးလေးရဲ့ ကုသိုလ်တွေ လက်ခံယူလိုက်ပါ ။ ဆုတောင်းမေတ္တာတွေကို ခံယူလိုက်ပါ ဦးဦးရယ်။
    နားထောင်လိုက်ပါ ဦးဦး……။ ဟိုးးအဝေးး.. ကောင်းကင်ဘုံကနေ ကမ္ဘာမြေက ဆုတောင်းမေတ္တာသံကို နားထောင်လိုက်ပါ…။
    အာရုံပြုပြီး လက်ခံလိုက်ပါ…..။
    နားထောင်လိုက်ပါ ဦးဦးရယ်…………………။

    ရွှေအိမ်စည် | PatheinCity News | ရသစာပေ

    (ဤစာမူသည် ဆရာမ ရွှေအိမ်စည် ၏ နဝဒေး မဂ္ဂဇင်းတွင် ပါဝင်ပြီး ဝထ္ထုတို  ဖြစ်ပါသည်။ ပြန်လည် ကူးယူ ဖော်ပြလိုပါက ဆရာမ ရွှေအိမ်စည် ထံမှ ခွင့်ပြုချက် ကြိုတင် တောင်းခံရန် လိုအပ်ပါသည်။ )

    ကျေးဇူးတင်စွာဖြင့်
    မြို့တော်ပုသိမ် သတင်းစဉ်

    Share and Enjoy:
    • Print
    • email
    • RSS
    • Add to favorites
    • PDF
    • Facebook
    • Twitter
    • MySpace
    • Google Bookmarks
    • Yahoo! Buzz
    • Yahoo! Bookmarks
    • Live
    • del.icio.us
    • MSN Reporter
    • Blogplay

    Related Posts

    This entry was posted on Thursday, June 17th, 2010 at 11:18 pm and is filed under ဝထ္ထုတို. You can follow any responses to this entry through the RSS 2.0 feed. You can leave a response, or trackback from your own site.
  • 2 Comments

    Take a look at some of the responses we've had to this article.
    ယခုဖော်ပြထားသော အကြောင်းအရာနှင့် ပါတ်သက်၍ စာဖတ်သူများ၏ သဘောထား အမြင်များကို အောက်တွင် ကြည့်ရှု နိုင်ပါသည်။

    1. ကြည်ပြာ
      Jun 18th
      Reply

      မရွှေအိမ်စည်ရေ အ၇မ်းကောင်းတာပဲ၊ ဖတ်၇င်းနဲ့ တောင် တော်တော်စိတ်မကောင်းဖြစ်ရပါတယ်။ ကြည်ပြာလည်း လှေစီးတာပျော်တယ်၊ ဒါပေမယ့် ရေမကူတက်ဘူး ခဏခဏ လှေစီးချင်တဲ့ အကြောင်းကိုပြောမိပါတယ်။ ဒါပေမယ့် လည်း တစ်ခါပဲ သူငယ်ချင်းနဲ့ ဟိုဘက်ကမ်းကို လိုက်ပြီး စီးဖြစ်ပါတယ်။ နောက်ထပ်လည်း စီးချင်သေးတယ်၊ ဒါပေမယ့် အခုမကြည်ပြာရဲ့ ၀တ္ထုလေးကို ဖတ်ရပြီး နဲနဲတော့ ကြောက်လာမိတယ်။
      မကြည်ပြာရဲ့ စာတွေကိုထပ်ပြီးဖတ်ချင်ပါသေးတယ်။

      Like or Dislike: Thumb up 0 Thumb down 0

    2. ရဲထွဋ်မော်
      Sep 20th
      Reply

      သြော်…လူဘ၀ကြိးကလဲဆန်းကြယ်လှချည်လား
      အမှုပေါင်းစုံကိုရင်ဆိုင်ရတာပဲနော်………
      ကြုံတွေ့ရတဲ့အဖြစ်အပျက်တွေကလူနဲ့မခံစားနိုင်အောင်ပါပဲလား
      ကိုယ်လဲတစ်နေ့

      Like or Dislike: Thumb up 0 Thumb down 0

  • Leave a Reply

    Let us know what you thought.
    ဤ အကြောင်းအရာနှင့် ပါတ်သက်၍ လူကြီးမင်း၏ သဘောထား အမြင်ကိုလည်း ရေးသားစေလိုပါသည်။

  • Name (required):

    Email (required):

    Website:

    Message: